တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်အား ခြစားမှုအတွက် ဖမ်းဆီးထိန်းသိမ်း

တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်အား ခြစားမှုအတွက် ဖမ်းဆီးထိန်းသိမ်း
Published 24 March 2018

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို ဆိုးလ်ရှိ သူ၏အိမ်မှ မထွက်ခွာမီ ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်အား မတ် ၂၂ ရက်က ခြစားမှုအတွက် ဖမ်းဆီးခဲ့ရာ သက်ရှိထင်ရှားရှိစဉ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု၌ ပါဝင်ပတ်သက်ခဲ့သည့် သမ္မတဟောင်းလေးဦးတွင် နောက်ဆုံးတစ်ဦးဖြစ်လာခဲ့သည်။

အသက် ၇၆ နှစ်အရွယ် သမ္မတဟောင်း လီသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ လီသည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားပြုမှု၊ အလွဲသုံးစားပြုမှု၊ အခွန်တိမ်းရှောင်မှုတို့ အပါအဝင် စွဲချက်အမြောက် အမြားကို ရင်ဆိုင်နေရသည်။ အနက်ရောင် ကုတ်အင်္ကျီနှင့် လည်စည်းကို ဝတ်ဆင်ထားသော လီသည် အိမ်ထဲမှ ထွက်လာခဲ့ပြီး သူ၏ လက်ထောက်ဟောင်းများနှင့် လက်ဆွဲနှုတ်ဆက်ကာ မှန်အမည်းတပ်ထားသည့် ကားထဲသို့ ဝင်သွားခဲ့ကြောင်း ရုပ်သံပြကွက်များတွင် မြင်တွေခဲ့ရသည်။

“ကျွန်တော် တခြားသူတွေကို အပြစ်မတင်ပါဘူး။ အားလုံးက ကျွန်တော့်အပြစ်တွေပါ။ ကျွန်တော် နောင်တရမိပါတယ်” ဟု လီက လက်ရေးဖြင့် ရေးသားထုတ်ပြန်သော ကြေညာချက်ကို သူ၏ Facebook တွင် ဓာတ်ပုံဖြင့် တင်ခဲ့သည်။

လီကို အကျဉ်းထောင်သို့ မပြောင်းရွှေ့မီ ကျန်းမာရေးစစ်ဆေးမှု ဆောင်ရွက်မည်ဖြစ်ပြီး ၁၁ စတုရန်းမီတာရှိသော အကျဉ်းခန်းအတွင်းတွင် လီသည် အကျဉ်းသားအဖြစ် နေထိုင်ရမည်ဖြစ်ကြောင်း ယွန်ဟပ်သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

အစိုးရစုံစမ်းစစ်ဆေးသူများက ခပ်မြန်မြန် စုံစမ်းစစ်ဆေးမှုပြီးနောက် ရက်အနည်းငယ်အကြာတွင် ဆိုးလ်ခရိုင်တရားရုံးက မတ် ၂၂ ရက်အစောပိုင်းတွင် လီကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။

စွပ်စွဲမှုအားလုံးအတွက် ပြစ်မှုထင်ရှားခဲ့လျှင် လီသည် ထောင်ဒဏ် ၄၅ နှစ်အထိ ကျခံရမည်ဟု ယွန်ဟပ်က ဖော်ပြခဲ့သည်။ ၂၀၀၇ ခုနှစ် နှောင်းပိုင်းနှင့် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည့် ၂၀၁၂ ခုနှစ်အကြားတွင် လာဘ်ငွေ ဒေါ်လာ ၁၀ ဒသမ ၂ သန်းရယူ ခဲ့မှုဖြင့် လီကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားတွင် နိုင်ငံရေးပြိုင်ဘက်များက အိမ်ပြာတော်သို့ ရောက်သည် နှင့် သမ္မတဟောင်းများ အကျဉ်းထောင်သို့ ရောက်လေ့ရှိကြသည်။ တောင်ကိုရီးယား၏ သမ္မတဟောင်း လေးဦးသည် သက်ရှိထင်ရှား ရှိစဉ်တွင် ရာဇဝတ်မှုစွဲချက်များအတွက် စွဲ ချက်တင်ခံရ၊ စုံစမ်း စစ်ဆေး ခံခဲ့ရသည်။

လီကို ဆက်ခံသူ ကွန်ဆာဗေးတစ် သမ္မတပက်ကွမ်ဟီးသည် ၂၀၁၆ ခုနှစ်က ပေါ်ထွက်ခဲ့သော ခြစားမှုအရှုပ်တော်ပုံကြောင့် ယမန်နှစ်က ဖြုတ်ချခံခဲ့ရပြီး ခြစားမှု နှင့် အာဏာအလွဲအသုံးစားမှု စွဲချက်များအတွက် လာမည့်လတွင် စီရင်ချက် ချမှတ်ခံရမည်ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များမှ ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းအထိ တာဝန်ထမ်းဆောင်ခဲ့ကြသော ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သည့် ချန်ဒူးဝမ်နှင့် နိုတေဝူး တို့သည် ရာထူးမှ အနားယူခဲ့ပြီးနောက် ခြစားမှုနှင့် နိုင်ငံတော်သစ္စာဖောက်မှုအတွက် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ထောင်ဒဏ်များ ကျခံခဲ့ရသည်။ ထောင်ဒဏ်နှစ်နှစ်ကျခံပြီး နောက် ချန်နှင့် နို နှစ်ဦးစလုံးသည် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိခံစားခဲ့ကြသည်။ နောက်ထပ် သမ္မတတစ်ဦးဖြစ်သော နိုမွန်ဟွန်း သည် ခြစားမှုအရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။

 

Most Read

Most Recent