အိန္ဒိယလေကြောင်းလိုင်းက ဆော်ဒီဝေဟင်ကို ပထမဆုံးအကြိမ်ဖြတ်၍ အစ္စရေးသို့ပျံသန်း

အိန္ဒိယလေကြောင်းလိုင်းက ဆော်ဒီဝေဟင်ကို ပထမဆုံးအကြိမ်ဖြတ်၍ အစ္စရေးသို့ပျံသန်း
Published 24 March 2018

မတ် ၂၂ ရက်က ဘင်ဂူရီယန်လေဆိပ်သို့ရောက်ရှိလာသော အိန္ဒိယအမျိုးသားလေကြောင်းလိုင်း Air India ၏ ဘိုးရင်း ၇၈၇ လေယာဉ်ကို တွေ့ရစဉ် (Photo: AFP)

အိန္ဒိယလေကြောင်းလိုင်းသည် အစ္စရေးသို့သွားရန်  ဆော်ဒီဝေဟင်ကိုဖြတ်သန်းခွင့်ရထားသော ပထမဆုံးလေယာဉ်ပြေးဆွဲမှုအား မတ် ၂၃ ရက်က စတင်လိုက်ပြီ ဖြစ်သည်။ ယင်းသည် အာရပ်ဘုရင်နိုင်ငံ ဆော်ဒီနှင့် ဂျူးနိုင်ငံ အစ္စရေးတို့ကြားမှ နောက်ကွယ် ဆက်ဆံရေးတိုးတက်နေမှု၏ သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။

လေကြောင်းခရီးစဉ် AI 139 သည်  တဲအဗစ်ရှိ ဘင်ဂူရီယန်လေဆိပ်သို့ ဆိုက်aရာက်သွားခဲ့ကြောင်း သိရသည်။ “ဒါဟာ သမိုင်းဝင် အခိုက်အတန့်ပါပဲ။ အစ္စရေးနဲ့ ဆော်ဒီအာရေဗျကြားမှာ ပထမဆုံး တရားဝင် ဆက်သွယ်မှု ရှိခြင်းဖြစ်ပါတယ်” ဟု အစ္စရေး သယ်ယူပို့ဆောင်ရေးဝန်ကြီး ယီစရေးကတ်စ်က လေယာဉ်ပြေးလမ်းပေါ်တွင် ပြောကြားခဲ့သည်။

ဆော်ဒီသည် အစ္စရေးသို့ စီးပွားဖြစ် လေယာဉ်များ ပျံသန်းရာ၌ ၎င်း၏ ဝေဟင်အား အသုံးပြုခြင်းကို ဆယ်စုနှစ်များစွာပိတ်ပင်ထားမှုကို ဖယ်ရှားပေးလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ယခုအချိန်မှစပြီး နှစ်ဖက်စလုံးသည် သီတင်းတစ်ပတ်လျှင် ခရီးစဉ်သုံးကြောင်းစီ ပြေးဆွဲပေးမည်ဖြစ်သည်။

ထိုသို့ပိတ်ပင်မှုကို မဖယ်ရှားပေးမီက အစ္စရေး၏ နိုင်ငံတော်လေကြောင်းလိုင်း EIAI  သည် အိန္ဒိယနိုင်ငံမွမ်ဘိုင်းသို့ လေယာဉ်ခရီးစဉ် ပြေးဆွဲရာတွင် ဆော်ဒီနှင့် အီရန်တို့ ရှောင်ရှားပြီး ပင်လယ်နီဘက်မှ ကွေ့ပတ်ပျံသန်းခဲ့ရသည်။

အီဂျစ်နှင့် ဂျော်ဒန်မှလွဲ၍ အခြားအာရပ်နိုင်ငံများကဲ့သို့ပင် ဆော်ဒီသည် အစ္စရေး နှင့် တရားဝင် သံတမန်ဆက်ဆံရေး မရှိပေ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အာရပ်ကမ္ဘာနှင့် ဆက်ဆံရေးသည် အကောင်းဆုံး အခြေအနေတွင် ရှိနေသည်ဟု ပြောကြားခဲ့ပြီးနောက် ယခု လေယာဉ်ခရီး စဉ်ပြေးဆွဲရန် ဆော်ဒီက ခွင့်ပြုပေးလိုက် ခြင်းဖြစ်သည်။ ထို့ပြင်ဆော်ဒီနှင့် အစ္စရေးတို့သည် ၎င်းတို့၏ ဘုံရန်သူ အီရန်ကို စိုးရိမ်မှုများ မြင့်တက်လာနေသည်။

ဂျူးနိုင်ငံနှင့် အာရပ်ကမ္ဘာကြားမှဆက်ဆံရေးတွင် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဟု ရှုမြင်ခံထားရသော အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး သဘောတူညီချက်ကိစ္စမှာ အားလျော့သွားသည့်တိုင် ဆော်ဒီက ယခုကဲ့သို့ လိုက်လျောခြင်းမှာ ကောင်းမွန်သည့် သင်္ကေတများဖြစ်ကြောင်း အစ္စရေးအရေး လေ့လာသူ ဂျိုနသန်စပိုင်ယာက ပြောခဲ့သည်။

“ ဝေဟင်ကို ဖြတ်ပျံဖို့ ခွင့်ပြုခဲ့တဲ့ဆော်ဒီရဲ့ဆုံးဖြတ်ချက်ဟာ သေးငယ်ပေမယ့် သိသာထင်ရှားပါတယ်” ဟု အစ္စရေး၏ နိုင်ငံတကာရေးရာ လေ့လာရေး ရူဘင်စင်တာမှ ဒါရိုက်တာဖြစ်သူ စပိုင်ယာက ဆိုသည်။ အစ္စရေးအစိုးရကလည်း အစ္စရေး-ပါလက်စတိုင်း အရေးတွင် ၎င်းတို့လိုလားချက်အများစုအတွက် ဆော်ဒီသည် အရေးပါသည်ဟု ရှုမြင်နေဖွယ်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

၂၀၁၇ ခုနှစ် မေက သွားခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း သမ္မတ၏ Air Force One လေယာဉ်သည် ရီယာ့ဒ်နှင့် တဲအဗစ်သို့ ပျံသန်းခဲ့သည်။ ယင်းသည် ဆော်ဒီနှင့် အစ္စရေးကြား၌ တိုက်ရိုက်ပျံသန်းခဲ့သည့် လေ ကြောင်းခရီးစဉ်အနည်းငယ်ထဲတွင် ပါဝင်သွားလိမ့်မည်ဟု ယုံကြည်ရသည်။

Most Read

Most Recent