ယုံကြည်မှုအား ကြီးကြီးမားမား ချိုးဖောက်မှု ဖြစ်ပေါ်ခဲ့မှုအတွက် Facebook ထူထောင်သူ ဇက်ကာဘက်က တောင်းပန်

ယုံကြည်မှုအား ကြီးကြီးမားမား ချိုးဖောက်မှု ဖြစ်ပေါ်ခဲ့မှုအတွက် Facebook ထူထောင်သူ ဇက်ကာဘက်က တောင်းပန်
Published 23 March 2018

၂၀၁၅ ခုနှစ် မတ် ၂၅ ရက်က ကယ်လီဖိုးနီးယားတွင် FS ထိပ်သီး၌ စကားပြောနေသော ဇက်ကာဘက်ကို တွေ့ရစဉ် (Photo: AFP)

လူမှုမီဒီယာကုမ္ပဏီကြီး Facebook အား ရိုက်ခတ်ခဲ့သည့် ကိုယ်ရေးအချက်အလက်များစွာ အလွဲသုံးစားပြုခံရမှု အရှုပ်တော်ပုံ ထွက်ပေါ်ခဲ့ပြီးနောက် Facebook အကြီးအကဲ မာ့ခ်ဇက်ကာဘက်က သုံးစွဲသူနှစ်ဘီလျံကျော်ရှိသော လူမှုမီဒီယာတွင် ကြီးမားသော ယုံကြည်မှု ချိုးဖောက်ခဲ့မှုအတွက် တောင်းပန်ကြောင်း မတ် ၂၁ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုအမှားမျိုး ထပ်မံမဖြစ်စေရန်လည်း ကတိပြုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမဲဆွယ် အဖွဲ့နှင့်ဆက်စပ်သော ဗြိတိန်ကုမ္ပဏီတစ်ခုက Facebook သုံးစွဲသူသန်း ၅၀ ၏အချက်အလက်များအား အလွဲသုံးခဲ့မှုအတွက် အုတ်အော်သောင်းတင်းဖြစ်နေစဉ် ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုမှုအဖြစ် ဇက်ကာဘက်က Facebook ကုမ္ပဏီသည် သုံးစွဲသူများ၏ အချက်အလက်များအား ကာကွယ်ပေးရန် တာဝန်ရှိကြောင်း၊ ယင်းသို့ မကာကွယ်ပေးပါက ၎င်းတို့သည် သုံးစွဲသူများနှင့် မထိုက်တန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူမှုမီဒီယာကွန်ရက်တွင် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက် အများအပြားအား တောင်းခံသည့် ဆော့ဝဲတိုင်းကို Facebook က ပြန်လည်စစ်ဆေးသွားမည်ဖြစ်ပြီး သံသယဖြစ်ဖွယ်တွေ့ရပါက မှုခင်းဆိုင်ရာ စုံစမ်းမှုများဖြင့် အပြည့်အ၀ စစ်ဆေးမည်ဖြစ်ကြောင်း ဇက်ကာဘက်က CNN နှင့် ရုပ်သံအင်တာဗျူး၌ ပြောကြားခဲ့သည်။ Facebook ကုမ္ပဏီရှယ်ယာများသည် ထိုးကျခဲ့ပြီး ယင်းကုမ္ပဏီအား စုံစမ်းစစ်ဆေးရန် အမေရိကန်နှင့် ဥရောပတို့မှ တောင်းဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဇက်ကာဘက်၏ မှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယနေ့ဖြစ်ပေါ်နေသော အဆိုပါဖြစ်စဉ် ထပ်မံမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်သည့် အရေးကြီးဆုံး ဆောင်ရွက်မှုများကို ပြီးခဲ့သောနှစ်များစွာကတည်းက လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အမှားအယွင်းများလည်း ပြုမိခဲ့ကြကြောင်း၊ လုပ်ဆောင်စရာများစွာ ရှိနေကြောင်း၊ ၎င်းတို့သည် အရှိန်မြှင့် လုပ်ဆောင်ရန် လိုအပ်နေကြောင်း ဇက်ကာဘက်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

သုတေသီအလက်ဆန်ဒါကိုဂန်က ဖန်တီးခဲ့သော ဆော့လ်ဝဲတစ်ခုထံမှ Facebook သုံးစွဲသူသန်းပေါင်းများစွာ၏ အချက်အလက်များအား ဗြိတိန်အကြံပေးကုမ္ပဏီ Cambridge Analytica က ရရှိခဲ့ကြောင်း ဖွင့်ချခံခဲ့ရပြီးနောက် အဆိုပါ အရှုပ်တော်ပုံ ပေါ်ပေါက်လာခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent