တရုတ်ကို ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ထရန့်က ပြင်ဆင်နေ

တရုတ်ကို ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ထရန့်က ပြင်ဆင်နေ
Published 23 March 2018

တရုတ်အရှေ့ဘက် ကျန်စုပြည်နယ်ရှိ လျန်ယွမ်ကန်ဆိပ်ကမ်း၌ ၂၀၁၄ ခုနှစ် ဧပြီ ၁၀ က ကုန်သေတ္တာများကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်၏ ဉာဏပစ္စည်းမူပိုင်ခွင့်များ ခိုးယူမှုအတွက် တရုတ်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ် ၂၂ ရက်တွင် ကြေညာဖွယ်ရှိသည်။ အမေရိကန်နည်းပညာများနှင့် ဉာဏပစ္စည်းများကို ခိုးယူရန် တရုတ်အစိုးရက ဦးဆောင်၍ ဈေးကွက်ကို ဖိအားပေးမှုများအတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် သမ္မတထရန့်သည် တရုတ်ကို ပိတ်ဆို့အရေးယူမှုများ ကြေညာမည်ဟု အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရာ့ဂျ်ရှားက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကလည်း ကြိုတင်လက်ဦးမှုရယူ၍ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး တရုတ်၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုအားလုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၂၂ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။

နိုင်ငံခြားမှ ထုတ်လုပ်တင်သွင်းသည့် သံမဏိများနှင့် အလူမီနီယံတို့ကို စည်းကြပ်ခွန်များကောက်ခံရန် ထရန့်က ဆုံးဖြတ်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် တရုတ်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားနိုင်ခြေနှင့် ပတ်သက်ပြီး စိုးရိမ်နေကြချိန်တွင် တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းက စိတ်ခံစားမှုဖြင့် ကုန်သွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို မဆောင်ရွက်ရန် ထရန့်အား မတ် ၂၀ ရက်တွင် သတိပေးခဲ့သည်။

တရုတ်သွင်းကုန်များကို စည်းကြပ်ခွန် ဒေါ်လာ ၃၀ ဘီလျံ ကောက်ခံရန် အကြံပြုထားသည့် အစီအစဉ်သည် သမ္မတ၏ စားပွဲပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေး အထူးကိုယ်စားလှယ် ရောဘတ်လိုက်သီဇာက ပြောကြားထားသည်။

အမေရိကန်၏ ကုန်သွယ်ရေး မိတ်ဖက်များက လှည့်ဖျားနေမှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ထရန့်က ကတိပေးထားသည်။ တရုတ်နှင့် ကုန်သွယ်ရာတွင် အမေရိကန်၏ ကုန်သွယ်ရေးလိုငွေပြမှုသည် ယမန်နှစ်က ဒေါ်လာ ၃၇၅ ဘီလျံထိ စံချိန်တင်ရှိခဲ့သည်။ သို့သော် တရုတ်သို့ အမေရိကန်၏ ပို့ကုန်တင်ပို့မှုသည်လည်း ယမန်နှစ်က စံချိန်တင်မြင့်တက်ခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်များကို အမေရိကန် ကုမ္ပဏီများက လွှဲပြောင်းပေးမှသာ တရုတ်တွင် လုပ်ငန်းဆောင်ရွက်နိုင်သည့် အခြေအနေမျိုး တရုတ်အစိုးရက ဖန်တီးနေသည်ဟု ဝါရှင်တန်က စွပ်စွဲထားသည်မှာ ကြာပြီဖြစ်သည်။

တရုတ်သည် အမေရိကန်ကွန်ရက်များကို တရားမဝင် ထိုးဖောက်ဝင်ရောက်ပြီး စီးပွားရေးလုပ်ငန်းများကို သူလျှိုဆောင်ရွက်ကာ အမေရိကန်၏ ဉာဏပစ္စည်း မူပိုင်ခွင့်များကို ခိုးယူရန် ကြိုးပမ်းနေကြောင်း အမေရိကန် တာဝန်ရှိသူများက စွပ်စွဲထားသည်။

Ref: AFP

Most Read

Most Recent