ထရန့်က ပူတင်အား ရွေးကောက်ပွဲ အနိုင်ရမှုအတွက် ဂုဏ်ပြုခဲ့ပြီး နှစ်နိုင်ငံထိပ်သီးဖြစ်လာရန် အလားအလာရှိနေ

ထရန့်က ပူတင်အား ရွေးကောက်ပွဲ အနိုင်ရမှုအတွက် ဂုဏ်ပြုခဲ့ပြီး နှစ်နိုင်ငံထိပ်သီးဖြစ်လာရန် အလားအလာရှိနေ
Published 22 March 2018

မတ် ၂၀ ရက်က ဝါရှင်တန်ရှိ National Building Museum ၌ စကားပြောနေသော သမ္မတထရန့်ကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ် ၂၀ ရက်တွင် ဖုန်းပြောမှုအတွင်း ရွေးကောက်ပွဲ၌ ထပ်မံအနိုင်ရခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဂုဏ်ပြုခဲ့ပြီး မဝေးသောအနာဂတ်တွင် ၎င်းတို့အကြား ထိပ်သီးဖြစ်လာနိုင်သည့် အလားအလာကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သို့သော် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားက ကြားဝင်နှောင့်ယှက်ခဲ့ကြောင်း စွပ်စွဲမှုနှင့် ဗြိတိန်တွင် ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်း အဆိပ်ဖြင့်တိုက်ခိုက်ခံခဲ့ရမှုတွင် ရုရှားက ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုအကြောင်းအရာတို့ကိုမူ ၎င်းတို့နှစ်ဦးစလုံးက ရှောင်လွဲှခဲ့ကြကြောင်း သိရသည်။

ပူတင်က စတုတ္ထမြောက်သက်တမ်းကို အလွယ်တကူအနိုင်ရခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ၎င်းနှင့် ဖုန်းဆက်စကားပြောခဲ့ကြောင်း ထရန့်က အိမ်ဖြူတော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ “ကျွန်တော် သမ္မတပူတင်နဲ့ဖုန်းပြောပြီးတော့ သူ့ရဲ့ရွေးကောက်ပွဲအောင်ပွဲအတွက် ဂုဏ်ပြုခဲ့တယ်” ဟု ထရန့်က ပြောကြားခဲ့သည်။ ထရန့်က “သိပ်မဝေးတော့တဲ့ကာလမှာ ကျွန်တော်တို့နှစ်ယောက် အတူတကွ တွေ့ဆုံဆွေးနွေးနိုင်ခြေကိုလည်း ဖုန်းထဲမှာပြောဖြစ်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။

ပူတင်နှင့်ဖုန်းပြောရာတွင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးက အကြံပြုခဲ့သည့် ရှောင်ရန်များကို ထရန့်က လျစ်လျူပြုခဲ့ကြောင်း အဆိုပါဖုန်းခေါ်မှုနှင့်နီးစပ်သော တာဝန်ရှိသူများကိုကိုးကား၍ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့သည်။ ယင်းရှောင်ရန် အကြံပြုမှုတွင် “ဂုဏ်ပြုမှု မပြုလုပ်ရန်” ဟု စာလုံးကြီးများဖြင့် ရေးထားမှုလည်း ပါဝင်ကြောင်း ပို့စ်က ဖော်ပြခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် လက်နက်အားပြိုင်ပွဲအား ကန့်သတ်ရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအား အရှိန်မြှင့်ရန်အတွက် ပူးပေါင်းကြိုးပမ်းမှု၏ အရေးပါမှုကိုလည်း အလေးထားဆွေးနွေးခဲ့ကြကြောင်း၊ ခြုံငုံပြောရလျှင် အဆိုပါဖုန်းပြောမှုသည် အပြုသဘောဆောင်ခဲ့ပြီး အကျိုးရှိခဲ့ကြောင်း ကရင်မလင်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ကြားဝင်နှောင့်ယှက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ရုရှားအား အမေရိကန်က ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်ခဲ့မှု၊ ထို့ပြင် ပြီးခဲ့သောသီတင်းပတ်ကုန်၌ ကျင်းပခဲ့သည့် ရုရှားရွေးကောက်ပွဲတွင် မေးခွန်းထုတ်စရာ ဖြစ်ပေါ်ခဲ့မှုနှင့်ပတ်သက်၍လည်း ထိုဖုန်းပြောမှုတွင် ဆွေးနွေးခဲ့ခြင်းမရှိကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်ဒါးစ်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတသည် အတုအယောင် ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သည့် အာဏာရှင်များကို ဂုဏ်ပြုခြင်းဖြင့် လွတ်လပ်သောကမ္ဘာကို မဦးဆောင်ကြောင်း၊ ဗလာဒီမာပူတင်အား ဂုဏ်ပြုလိုက်မှုသည် ၎င်းတို့နိုင်ငံ၏အနာဂတ်အား ဆုံးဖြတ်ရန် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ၌ မဲပေးရန်အခွင့်အရေးကို ငြင်းဆန်ခဲ့ကြသည့် ရုရှားပြည်သူများအား သမ္မတထရန့်က စော်ကားလိုက်ခြင်းဖြစ်ကြောင်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ဂရိ၊ ဂျာမနီ၊ အီရန်၊ ချက်၊ ဖင်လန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့၏ ခေါင်းဆောင်များအပါအဝင် ပူတင်ကိုဂုဏ်ပြုခဲ့ကြသည့် ခေါင်းဆောင်များစာရင်းကို ကရင်မလင်က မတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent