၂၀၀၇ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွင် လစ်ဗျား၏ ထောက်ပံ့မှုကို ရယူမှုဖြင့် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ထိန်းသိမ်းခံရ

၂၀၀၇ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွင် လစ်ဗျား၏ ထောက်ပံ့မှုကို ရယူမှုဖြင့် ပြင်သစ်သမ္မတဟောင်း ဆာကိုဇီ ထိန်းသိမ်းခံရ
Published 21 March 2018

၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က ပါရီသို့ ရောက်ရှိလာသော လစ်ဗျားခေါင်းဆောင် ကဒါဖီ (ယာ) အား ပြင်သစ်သမ္မတ ဆာကိုဇီက နှုတ်ဆက်နေစဉ် (Photo : AFP)

၂၀၀၇ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားမှုတွင် လစ်ဗျားထံမှ ဘဏ္ဍာငွေ အထောက်အပံ့ကို ရယူခဲ့မှု သံသယဖြင့် ပြင်သစ်သမ္မတဟောင်း နီကိုလတ်ဆာကိုဇီကို မတ် ၂၀ ရက်တွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

အသက် ၆၃ နှစ်အရွယ် ဆာကိုဇီသည် စစ်ဆေးမေးမြန်းခံရရန် ထိန်းသိမ်းခံရမှုနှင့် ပတ်သက်ပြီး မှတ်ချက်တုံ့ပြန်ခဲ့ခြင်း မရှိပေ။ လစ်ဗျားခေါင်းဆောင် ကဒါဖီထံမှ ရရှိသည့် ငွေများအပြည့်ပါသော ခရီးဆောင်လက်ဆွဲ သေတ္တာသုံးလုံးကို ဆာကိုဇီထံ ပေးအပ်ခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ယမန်နှစ် နိုဝင်ဘာတွင် ဝန်ခံခဲ့ပြီးနောက် ဆာကိုဇီသည် အနီးကပ် စောင့်ကြည့်ခံနေရသည်။ ဆာကိုဇီ ထိန်းသိမ်းခံရမှုအား စုံစမ်းထောက်လှမ်းမှု သတင်းဝက်ဘ်ဆိုက် Media-part နှင့် Le Monde သတင်းစာတို့က ပထမဆုံးအကြိမ် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆာကိုဇီ၏ လက်ထောက်တစ်ဦးဖြစ်သော အလက်ဇန်ဒရီဒီဂျိုရီကို လန်ဒန်တွင် ဇန်နဝါရီက ထိန်းသိမ်းခဲ့ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ဆာကိုဇီထိန်းသိမ်းခံရမှုသတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဆွစ်ဇာလန်တွင် အမြဲတမ်း နေထိုင်ခွင့်ရထားသူ ဒီဂျိုရီသည် ပြင်သစ်နိုင်ငံရေး လက်ယာ အုပ်စုတွင် ထင်ရှားသူ တစ်ဦးဖြစ်သည်။ မတ် ၂၈ ရက်တွင် လာရောက်ကြားနာရန် ချိန်းဆိုထားမှု မတိုင်မီ ပြင်သစ်က ဒီဂျိုရီကို ဒုတိယအကြိမ်မြောက် ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီတွင် ဒီဂျိုရီသည် အကြိုစစ်ဆေးမှုကို ခံယူခဲ့သည်။

ဆာကိုဇီ သမ္မတတာဝန် ထမ်းဆောင်စဉ်အတွင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သော ဘရစ်ဟော်တေဖက်ကိုလည်း မတ် ၂၀ ရက်က စစ်ဆေးမေးမြန်းခဲ့ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ကွယ်လွန်သူ လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီနှင့် သူ၏သား ဆေအိအယ်အစ္စလာမ်တို့က ၎င်းတို့သည် ဆာကိုဇီ၏ ရွေးကောက်ပွဲ ကြိုးပမ်းမှုအတွက် ငွေကြေးထောက်ပံ့ခဲ့ကြကြောင်း ပြောကြားခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် တရားသူကြီးများက ယင်းအမှုကို စုံစမ်းစစ်ဆေးခဲ့သည်။ ထိုစွပ်စွဲချက်ကြောင့် ကဒါဖီ၏ ၄၁ နှစ်ကြာ အုပ်စိုးမှု နိဂုံးချုပ်ရေး အမေရိကန် ဦးဆောင်သော စစ်ရေးဝင်ရောက်စွက်ဖက်မှုများတွင် ဆာကိုဇီက ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း လစ်ဗျားအစိုးရ အဖွဲ့ဝင်ဟောင်းများ၏ စွပ်စွဲချက်ကို ဆာကိုဇီက ပယ်ချခဲ့သည်။

ပြင်သစ်-လက်ဘနွန် စီးပွားရေးလုပ်ငန်းရှင် ဇီအက်တာကီဒင်က သူသည် ၂၀၀၆ နှောင်းပိုင်းမှ ၂၀၀၇ အစောပိုင်းအထိ ပါရီသို့ ခရီးသုံးကြိမ် သွားခဲ့ပြီး ယင်းခရီးစဉ်များသည် ဆာကိုဇီ၏ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု ဖြစ်ကြောင်း ပြောကြားထားသည်။

ယင်းခရီးစဉ်များတွင် တစ်ကြိမ်လျှင် ယူရိုတစ်သန်းခွဲမှ နှစ်သန်းထိပါသည့် လက်ဆွဲသေတ္တာများကို သယ်ခဲ့ကြောင်း တာကီဒင်က ပြင်သစ်မီဒီယာများနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ယူရို ၂၀၀ နှင့် ၅၀၀ တန်များ ပါဝင်သည့် ယင်းငွေများကို ကဒါဖီ၏ စစ်ထောက်လှမ်းရေး အကြီးအကဲ အက်အဗ္ဗဒူလာစီနက်စီက ၎င်းအား ပေးခဲ့ခြင်းဖြစ်ကြောင်း တာကီဒင်က ဆိုခဲ့သည်။

Ref : AFP

Most Read

Most Recent