ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် ပူတင်က အနောက်တိုင်းနှင့် အငြင်းပွားမှုများအား ဖြေရှင်းသွားမည်ဟု ကတိပြု

ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် ပူတင်က အနောက်တိုင်းနှင့် အငြင်းပွားမှုများအား ဖြေရှင်းသွားမည်ဟု ကတိပြု
Published 21 March 2018

မတ် ၁၉ ရက်က မော်စကိုတွင် မဲဆွယ်ဌာနချုပ်၏ တာဝန်ရှိသူများနှင့် တွေ့ဆုံနေသော ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ် (Photo : AFP)

စံချိန်တင်မဲရရှိခဲ့ပြီး စတုတ္ထမြောက် သက်တမ်းကို အနိုင်ရခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်တိုင်းနှင့် ဖြစ်ပွားနေသော အငြင်းပွားမှုများအား ဖြေရှင်းသွားမည်ဖြစ်ကြောင်း မတ် ၁၉ ရက်တွင် ကတိပြုခဲ့သည်။

မတ် ၁၈ ရက်က ရွေးကောက်ပွဲ ကျင်းပခဲ့အပြီး ၂၄ နာရီကျော်ကြာသည့်အထိ အမေရိကန်သမ္မတ ဒါ်နယ်ထရန့်၏ မှတ်ချက်မထွက်ပေါ်သေးမှုနှင့်အတူ ပူတင်အား နိုင်ငံတကာမှ ခေါင်းဆောင်များက ဂုဏ်ပြုမှုများသည် နှေးကွေးနေခဲ့သည်။ ဆယ်စုနှစ် နှစ်ခု နီးပါးကြာ အာဏာချုပ်ကိုင်လာခဲ့သော ပူတင်သည် ထောက်ခံမဲ ၇၇ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဗြိတိန်မြေပေါ်တွင် ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်း အဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရမှု၌ ရုရှားပါဝင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရမှုနှင့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲအား ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု စွပ်စွဲချက်များဖြင့် ဝါရှင်တန်ထံမှ ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်ခံရမှုတို့ကြောင့် နိုင်ငံတကာ၌ မော်စကိုသည် စစ်အေးခေတ်နောက်ပိုင်း မကြုံစဖူး အထီးကျန်မှုကို ကြုံနေရသည်။

ယခုလအစောပိုင်းတွင် အသံထက်မြန်သော နျူကလီးယား လက်နက်သစ်များအား ထုတ်ပြန်ခဲ့ပြီးနောက် ဝါရှင်တန်နှင့် လက်နက်အားပြိုင်ပွဲသစ်ကို ကြိုးပမ်းနေကြောင်း စွပ်စွဲမှုများအား ပူတင်က မတ် ၁၉ ရက်တွင် ငြင်းဆန်ခဲ့သည်။ ၎င်းတို့၏ နိုင်ငံတကာ မိတ်ဖက်များနှင့် ဖြစ်ပွားနေသော အငြင်းပွားနေမှုများအား နိုင်ငံရေးနှင့် သံတမန်နည်းလမ်းများဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက အနိုင်ရခဲ့သော အခြားကိုယ်စားလှယ်လောင်း ခုနစ်ဦးနှင့်အတူ ဆွေးနွေးပွဲ၌ ပူတင်က ပြောကြားခဲ့သည်။ ၎င်း၏နောက်သက်တမ်းတွင် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံ၍ ပြည်သူများ၏ ကျန်းမာပျော်ရွှင်မှု တိုးတက်စေရန် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။

တရားရင်ဆိုင်နေရမှုများကြောင့် ရွေးကောက်ပွဲယှဉ်ပြိုင်မှုမှ ပိတ်ပင်ခံထားရသော အဓိက အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီ၏ အဖွဲ့က ရွေးကောက်ပွဲအား သပိတ်မှောက်ရန် တောင်းဆိုခဲ့ပြီး နိုင်ငံတစ်ဝန်းသို့ ရွေးကောက်ပွဲ စောင့်ကြည့်သူ ၃၃၀၀၀ ကျော်အား စေလွှတ်ခဲ့သည်။ ၎င်း၏အဖွဲ့နှင့် အစိုးရမဟုတ်သော ရွေးကောက်ပွဲ စောင့်ကြည့်သည့်အဖွဲ့ Golos တို့က ရွေးကောက်ပွဲ၌ လူတစ်ဦးတည်းက မဲအကြိမ်ကြိမ်ပေးခြင်း၊ ပူတင်ထောက်ခံသူများအား ဘတ်စ်ကားများဖြင့် မဲရုံများသို့ ပို့ပေးခြင်းတို့ ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ကြသည်။

မဲလာပေးသူ အရေအတွက်သည် ၆၇ ရာခိုင်နှုန်းကျော်ရှိခဲ့ရာ မျှော်မှန်းထားသည်ထက် ရှစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပိုများခဲ့သည်ဟု ပူတင်၏ မဲဆွယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ရုရှားတွင် ဆင်းရဲမွဲတေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဆိုးရွားမှု ရှိနေသော်လည်း ၎င်း၏နိုင်ငံခြားရေး မူဝါဒများအတွက် ပူတင်ကို ထောက်ခံကြောင်း သူ့အားထောက်ခံသူ အများစုက ဖြေကြားခဲ့ကြသည်။

ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ပူတင်အား နွေးထွေးစွာ ဂုဏ်ပြုခဲ့သော်လည်း အရေးပါသော နှစ်နိုင်ငံဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ဆက်လက်ဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားခေတ်မီ တိုးတက်စေရေး ဆောင်ရွက်မှုတွင် အောင်မြင်စေရန် ဆန္ဒပြုခဲ့သည့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဗြိတိန်တွင် ရုရှားသူလျှိုဟောင်းအဆိပ်ဖြင့် တိုက်ခိုက်ခံရမှုအား ရှင်းလင်းရန် မော်စကိုကို တိုက်တွန်းခဲ့သည်။ တစ်သက်တာထမ်း ဆောင်ခွင့်ရရှိခဲ့သည့် တရုတ်သမ္မတ ရှီကျင်ပင်းက ဂုဏ်ပြုခဲ့ပြီးနောက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ပူတင်ကို ဂုဏ်ပြုခဲ့သည်။

Ref : AFP

Most Read

Most Recent