အာဏာပိုရှိလာသည့် ရှီက တရုတ်သည် သွေးချောင်းစီးစစ်ပွဲကို တိုက်ရန် အသင့်ရှိနေဟု ပြောကြား

အာဏာပိုရှိလာသည့် ရှီက တရုတ်သည် သွေးချောင်းစီးစစ်ပွဲကို တိုက်ရန် အသင့်ရှိနေဟု ပြောကြား
Published 21 March 2018

မတ် ၂၀ ရက်က ပေကျင်းတွင် အမျိုးသား ပြည်သူ့ကွန်ဂရက်အပိတ် ဆွေးနွေးပွဲ၌ တရုတ်သမ္မတ ရှီကျင်ပင်းက မိန့်ခွန်းပြောနေစဉ် (Photo : AP)

တရုတ်သမ္မတ ရှီကျင်ပင်းသည် မတ် ၂၀ ရက်က ပြင်းထန်သော နိုင်ငံတော်မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့ကာ တရုတ်နိုင်ငံကို ခွဲရန် မည်သည့်ကြိုးပမ်းမှုကိုမဆို သတိပေးသွားခဲ့သည်။ ထိုမိန့်ခွန်းအတွင်း ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ၏ နေရာမှန်ကို ပြန်လည်ရရှိရန်အတွက် သွေးချောင်းစီးစစ်ပွဲကို တိုက်ရန် အသင့်ရှိနေသည် ဟုလည်း ရှီက ပြောကြားခဲ့ကြောင်း သိရသည်။

ရှီကျင်ပင်းသည် ၎င်းကို ရာသက်ပန် အာဏာပေးခဲ့သော အမျိုးသားပြည်သူ့ ကွန်ဂရက်၏ ယခုနှစ် အစည်းအဝေးအတွင်း ထိုမိန့်ခွန်းကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်သို့ အဆင့်မြင့်အမေရိကန် အစိုးရ အရာရှိများကို သွားခွင့်ပြုမည့် ဥပဒေသစ်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးပေးပြီး ရက်အနည်းငယ် အကြာမှာပင် ရှီက တရုတ်အစိုးရသည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ကာကွယ်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီနိုင်ငံကို ခွဲဖို့လုပ်ရပ်တွေ၊ လှည့်ကွက်တွေ အားလုံးဟာ ပျက်စီးကိန်းဆိုက်မှာဖြစ်ပြီး လူတွေရဲ့ ပြစ်တင်ခြင်းကိုခံရကာ သမိုင်းရဲ့ အပြစ်ပေးခြင်းကို ခံရမှာ ဖြစ်ပါတယ်” ဟု ရှီက လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ကိုယ်စားလှယ် ၃၀၀၀ ကျော်ကို ပြောကြားခဲ့သည်။

သို့သော် ရှီက ပိုးလမ်းမစီမံကိန်းအား ပြန်လည်အသက်သွင်းခြင်းကဲ့သို့ တရုတ်၏ ရည်မှန်းချက် ကြီးမားလှသော ပြည်ပဖွံ့ဖြိုးရေး စီမံကိန်းများအပေါ် စိုးရိမ်မှုများကို ဖြေရှင်းရန် ကြိုးပမ်းခဲ့ပြီး ယင်းစီမံကိန်းများသည် မည်သည့် နိုင်ငံအတွက်မျှ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည် မဟုတ်ဟု ပြောကြားခဲ့သည်။

“အခြားသူတွေကို ခြိမ်းခြောက်နေကျ လူတွေကသာ လူတိုင်းကို ခြိမ်းခြောက်မှုတစ်ခုလို့ မြင်နေတာပါ” ဟု ရှီက ပြောကြားခဲ့ရာ ကိုယ်စားလှယ်များထံမှ ချီးမွမ်းလက်ခုပ်သံများ ထွက်ပေါ်ခဲ့သည်။

ရှီသည် ယခုမိန့်ခွန်းမှတစ်ဆင့် တရုတ်နိုင်ငံကြီးကို သွေးသစ်လောင်းရန် ၎င်း၏အမြင်ကို ထောက်ခံလာကြရေး အတွက် ကြိုးပမ်းခံခြင်းဖြစ်သည်။ “တရုတ်လူထုဟာ အနိုင်မခံ အရှုံးမပေးဘဲ မဆုတ်မနစ် လုပ်ဆောင်တတ်သူတွေပါ။ ရန်သူတွေကို ခါးသီးစွာ အဆုံးသတ်သွားစေဖို့ သွေးချောင်းစီးစစ်ပွဲကို တိုက်ခိုက်မယ့် စိတ်ဓာတ်လည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်” ဟု ရှီက ပြောကြားခဲ့သည်။

ထို့ပြင် ရှီ၏ မိန့်ခွန်းမှာ နိုင်ငံ့ရေးရာများကို ကွန်မြူနစ်ပါတီက ပိုမိုကြီးစိုးသွားမည်ဆိုသည့် သတိပေးချက် တစ်ခုလည်း ဖြစ်ခဲ့သည်။ “ဆိုရှယ်လစ်စနစ်သာလျှင် တရုတ်နိုင်ငံကို ကယ်တင်နိုင်တယ်ဆိုတာ သမိုင်းက သက်သေပါပဲ။ ဆက်ပြီးလည်း သက်သေပြသွားပါလိမ့်မယ်” ဟု ရှီက ပြောကြားခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီဟာ အကျင့်ပျက်ခြစားမှုကို ပြတ်ပြတ်သားသား ရှင်းလင်းသွားမှာပါ” ဟု ရှီက ပြောကြားခဲ့သည်။

နှစ်ပတ်ကြာ ကျင်းပခဲ့သော တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် ရှီ၊ ၆၄ နှစ်သည် ဒုတိယသက်တမ်းအတွက် အာဏာထပ်မံရရှိခဲ့ပြီး သမ္မတသက်တမ်း ကန့်သတ်မှုများကို ဖယ်ရှားရန် ကွန်မြူနစ်ပါတီ၏ ဆုံးဖြတ်ချက်များကိုလည်း ကွန်ဂရက်က ထောက်ခံအတည်ပြုပေးခဲ့သည်။

Ref : AFP

Most Read

Most Recent