Facebook အချက်အလက်များ ခိုးယူခံရမှု အရှုပ်တော်ပုံကြောင့် Facebook အတွက် ဖိအားများ မြင့်တက်လာ

Facebook အချက်အလက်များ ခိုးယူခံရမှု အရှုပ်တော်ပုံကြောင့် Facebook အတွက် ဖိအားများ မြင့်တက်လာ
Published 21 March 2018

၂၀၁၂ ခုနှစ် မေ ၁၇ ရက်က နယူးယောက်ရှိ တိုင်းမ်စကွဲတွင် NASDAQ စတော့အိတ်ချိန်း၌ Facebook လိုဂိုကို တွေ့ရစဉ် (Photo : AFP)

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရန့်၏ မဲဆွယ်စည်းရုံးရေး အဖွဲ့က ငှားရမ်းထားခဲ့သော ဗြိတိန်နည်းပညာ အချက်အလက် ဆန်းစစ်ရေးလုပ်ငန်း Cambridge Analytica သည် Facebook သုံးစွဲသူ သန်းပေါင်းများစွာ၏ အချက်အလက်များကို ခိုးယူခဲ့မှုအတွက် ၎င်းတို့စာမျက်နှာကို ရပ်ဆိုင်းခဲ့ကြောင်း Facebook က ထုတ်ပြန်ခဲ့ပြီးနောက် အသုံးပြုသူ သန်းပေါင်းများစွာ၏ အချက်အလက်များကို အလွဲသုံးစားပြုခံရမှုနှင့် ပတ်သက်ပြီး မေးခွန်းမျိုးစုံ ပေါ်ထွက်လာခဲ့သည်။

ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် အေမီကလိုဘူချာနှင့် ရီပတ်ဘလီကင်အမတ် ဂျွန်ကနေဒီတို့က Facebook ၏ အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘတ်ကို Google၊ Twitter တို့၏ အမှုဆောင်ချုပ်များနှင့်အတူ ကွန်ဂရက်၌ လာရောက်ထွက်ဆိုရန် တောင်းဆိုခဲ့သည်။ ယင်းနည်းပညာ ကုမ္ပဏီကြီးများသည် မကြုံစဖူး များပြားသော ပုဂ္ဂိုလ်ရေး အချက်အလက် အမြောက်အမြားကို အလွဲသုံးစား ပြုလုပ်နေကြကြောင်း ဥပဒေပြု အမတ်များက ပြောကြားခဲ့ကြသည်။ ယင်းကဲ့သို့ ကြီးကြပ်စောင့်ကြည့်မှု မရှိခြင်းက အမေရိကန် ရွေးကောက်ပွဲများနှင့် ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်များ၏ ယုံကြည်စိတ်ချရမှုကို စိုးရိမ်မှု မြင့်တက်စေကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

Cambridge Analytica သည် Facebook သုံးသူ သန်း ၅၀ ခန့်၏ အချက်အလက်များကို အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း Facebook က ထုတ်ပြန်ခဲ့ပြီးနောက် ၎င်းတို့အား စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် ပြည်တွင်း ပြည်ပမှ ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

မဲပေးသူများအား ဆွဲဆောင်စည်းရုံးရန်အတွက် ပုဂ္ဂိုလ်ရေး အချက်အလက်များကို အလွဲသုံးစားပြုမှုရှိနိုင်ပြီး ယင်းအတွက် Facebook က သတင်းအချက်အလက်များ ပိုမိုထုတ်ပေးရန် အထက်လွှတ်တော်အမတ် ရွန်ဝိုင်ဒင်က တောင်းဆိုခဲ့သည်။

Cambridge Analytica သည် FAcebook ကိုသုံး၍ အမေရိကန် သန်းပေါင်းများစွာ၏ အချက်အလက်များကို လက်နက်သဖွယ် အသုံးချနိုင်မှုနှင့် ပတ်သက်၍ သိလိုကြောင်း ဝိုင်ဒင်က ပြောကြားခဲ့သည်။ ဥရောပတွင်လည်း အလားတူ ဒေါသူပုန်ထမှုများရှိခဲ့ပြီး ဥရောပ၏ တရားရေး ကော်မရှင်နာ ဗေရာဂျိုရိုဗာက ယခုထွက်ပေါ် လာမှုများနှင့် ပတ်သက်၍ ထိတ်လန့်တုန်လှုပ်ရကြောင်းနှင့် စိုးရိမ်မှုများအတွက် ဖြေရှင်းရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Cambridge Analytica ကမူ ထရန့်၏ မဲဆွယ်စည်းရုံးရေး အတွက် Facebook ၏ အချက်အလက်များကို အလွဲသုံးစား ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

ဖြစ်လာနိုင်ဖွယ်ရှိသော အန္တရာယ်များနှင့် ရွေးကောက်ပွဲဆိုင်ရာ နည်းပညာလုံခြုံရေးကို အာရုံစိုက်ရန်အတွက် တာဝန်ပြောင်းရွှေ့ သွားမည်ဖြစ်ကြောင်း Facebook ၏ လုံခြုံရေးဆိုင်ရာ တာဝန်ခံ အလက်စတာမို့စ်က  ပြောကြားခဲ့သည်။ Facebook ၌ သတင်းမှားများ ပျံ့နှံ့မှုကို ဖြေရှင်းရန်အတွက် လုပ်ငန်းတွင်း ပဋိပက္ခများကြောင့် စတာမို့စ်သည် Facebook မှ ထွက်ခွာသွားပြီဖြစ်ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့ပြီးနောက် စတာမို့စ်က တာဝန်အပြောင်းအလဲကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

စတာမို့စ်က ၎င်း၏တာဝန် ပြောင်းလဲသွားခြင်းသာဖြစ်ပြီး Facebook တွင် အပြည့်အ၀ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Most Read

Most Recent