ဗြိတိန်၏အဆင်းရဲဆုံးဒေသရှိ စာသင်ကျောင်းမှကျောင်းဆရာမ ကမ္ဘာ့အတော်ဆုံးကျောင်းဆရာဆု ဆွတ်ခူး

ဗြိတိန်၏အဆင်းရဲဆုံးဒေသရှိ စာသင်ကျောင်းမှကျောင်းဆရာမ ကမ္ဘာ့အတော်ဆုံးကျောင်းဆရာဆု ဆွတ်ခူး
Published 20 March 2018

မတ် ၁၈ ရက်က ဒူဘိုင်းတွင် ဆုပေးပွဲအခမ်းအနား၌ ဗြိတိန်ဆရာမ ဇာဖီရာကူက စကားပြောနေစဉ် (Photo: AFP)

ဗြိတိန်၏ အဆင်းရဲဆုံးဒေသတစ်ခုမှ စာသင်ကျောင်းတစ်ကျောင်းတွင် သင်ကြားခဲ့သော ဗြိတိန်ကျောင်းဆရာမ အင်ဒရီယာဇာဖီရာကူသည် ဒူဘိုင်းတွင် ကျင်းပခဲ့သော အခမ်းအနား၌ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ အတော်ဆုံးဆရာဆုကို မတ် ၁၈ ရက်တွင် ဆွတ်ခူးခဲ့ပြီး ဆုငွေဒေါ်လာ တစ်သန်းရရှိမည်ဖြစ်သည်။

ပန်းချီ၊ ပန်းပုနှင့် အထည်အလိပ်ဆိုင်ရာ ဘာသာရပ်သင်ကြားသော ဇာဖီရာကူသည် မြို့တော်လန်ဒန်ရှိ အတွင်းပိုင်းမြို့တစ်မြို့ ဖြစ်သော ဘရန့်ရှိ အယ်ဘာတန်အသက်မွေးဝမ်းကျောင်း ကောလိပ်၌ သင်ကြားပေးနေခြင်းဖြစ်ပြီး နှစ်စဉ်ချီးမြှင့်ခဲ့သော အဆိုပါဆုအတွက် ကမ္ဘာတစ်ဝန်းမှ ၁၀ ဦး ပါဝင်သည့် နောက်ဆုံးစာရင်း၌ ရွေးချယ်ခံခဲ့ရခြင်းဖြစ် သည်။ ထိုဆုအတွက် ယှဉ်ပြိုင်သူ ၃၀၀၀၀ ရှိကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာကျောင်းဆရာဆုအတွက် ရွေးချယ်ခံခဲ့ရသည့် အင်ဒရီရာဇာဖီရာကူကို ဂုဏ်ပြုကြောင်း၊ သင်ကြားမှုသည် အကြီးကျယ်ဆုံးအလုပ်ဖြစ်ပြီး ဆရာများသည် ကြယ်များဖြစ်ကြောင်း ဒူဘိုင်းစော်ဘွား ရှိတ်မိုဟာမက် ဘင်ရာရှစ်အယ်မက်တူအမ် က Twitter ၌ ရေးသားခဲ့သည်။ အဆိုပါဆုပေးပွဲ အခမ်းအနားသို့ ရုပ်သံမှတစ်ဆင့် ဗီဒီယိုသတင်းစကားပေးပို့ခဲ့မှုတွင် ဗြိတိန်ဝန်ကြီး ချုပ်ထရီဆာမေက ကြီးမြတ်သောဆရာတစ်ဦး ဖြစ်လာရန် ကြံ့ကြံ့ခံနိုင်မှု၊ ထိုးထွင်းဉာဏ်ရှိမှု၊ စိတ်ရင်းကောင်းမှုတို့ လိုအပ်ပြီး အင်ဒရီ ရာဇာဖီရာကူသည် အဆိုပါအရည်အသွေးများအား ကျောင်းသားများကို နေ့စဉ်မျှဝေခဲ့ကြောင်း ချီးကျူးခဲ့သည်။

ဖော်မြူလာဝမ်းချန်ပီယံ လူးဝစ်ဟာမီတန်က အဆိုပါဆုဖလားကို ခန်းမသို့ ပြိုင်ကားဖြင့် သယ်ဆောင်ပေးခဲ့ပြီး အော်စကာဆုရှင် သရုပ်ဆောင်နှင့် ဂရမ်မီဆုရှင် အဆိုတော်ဂျနီဖာဟဒ်ဆင်က ဆုပေးပွဲအခမ်းအနားအတွက် ဖျော်ဖြေခဲ့သည်။

ဇာဖီရာကူက သင်ကြားနေသည့် ဘရန့် မြို့သည် လူမျိုးစုအရ အမျိုးမျိုးကွဲပြားနေပြီး နောက်ကျကျန်နေသော ဒေသတစ်ခုဖြစ်ကြောင်း၊ ၎င်း၏ကျောင်းသားအများအပြားသည် ဆင်းရဲနိမ့်ကျသော နေအိမ်များမှလာသူများဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယင်းဒေသတွင် လူရမ်းကားများ၏ အကြမ်းဖက်မှုများလည်း ထူပြောသည့်ဒေသဖြစ်သည်။

သို့သော် ဇာဖီရာကူသည် ရဲများနှင့် အနီးကပ်လက်တွဲလျက် အလားအလာရှိသော ကိစ္စရပ်များနှင့် လူမိုက်စုဆောင်းသူများအား ဖော်ထုတ်နိုင်ရန် ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းနှင့် လမ်းများပေါ်တွင် အပြောင်းအလဲကို တွန်းအားပေးခဲ့ကြောင်း၊ ထို့ပြင် ထို ကျောင်း၏သင်ရိုးညွှန်းတမ်းကိုလည်း ၎င်းက ပြင်ဆင်ရေးဆွဲခဲ့ကြောင်း၊ ထို့ပြင် မိဘများ ကျောင်းသားများနှင့် ဆက်သွယ်နိုင်ရန် ၎င်းတို့ ပြောဆိုနေသော ဘာသာရပ် ၃၅ မျိုး၏အခြေခံကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။

ဒူဘိုင်းအခြေစိုက် Varkey Foundation က ကျင်းပလာသည်မှာ လေးနှစ်မြောက် ဖြစ်လာပြီဖြစ်သည့် အဆိုပါဆုအတွက် ရွေးချယ်ခံခဲ့ရသူသည် နောက်ထပ် ငါးနှစ်ထက်မနည်း သင်ကြားမှုပြုလုပ်ရမည်ဆိုသော သတ်မှတ်ချက်ကို လိုက်နာရမည်ဖြစ်ပြီး ဆုငွေဒေါ်လာ တစ်သန်းကို ၁၀ နှစ်အတွင်း အရစ်ကျရရှိမည်ဖြစ်သည်။

 

 

Most Read

Most Recent