ရုရှားသမ္မတပူတင် သမ္မတရွေးကောက်ပွဲ၌ စံချိန်တင်ထောက်ခံမဲရရှိပြီး စတုတ္ထမြောက်သက်တမ်းကို အနိုင်ရ

ရုရှားသမ္မတပူတင် သမ္မတရွေးကောက်ပွဲ၌ စံချိန်တင်ထောက်ခံမဲရရှိပြီး စတုတ္ထမြောက်သက်တမ်းကို အနိုင်ရ
Published 20 March 2018

မတ် ၁၈ ရက်က မော်စကိုရှိ Manezhnaya ရင်ပြင်တွင် ရုရှားက ခရိုင်းမီးယားအား သိမ်းယူမှု လေးနှစ်ပြည့်စုဝေးမှု၌ ပူတင်က စကားပြောနေစဉ် (Photo: AFP)

မတ် ၁၈ ရက်တွင် ကျင်းပခဲ့သော ရုရှား သမ္မတရွေးကောက်ပွဲ၌ ထောက်ခံမဲ အပြတ်အသတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် သမ္မတဗလာဒီမာပူတင်သည် ခြောက်နှစ်ရှိ နောက်ထပ် သက်တမ်းတစ်ခုကို မတ် ၁၉ ရက်တွင် ထမ်းဆောင်ခွင့် ရရှိခဲ့သည်။ သို့သော် မော်စကိုနှင့် အနောက်တိုင်းတို့အကြား ဆက်ဆံရေးပြိုကွဲနေချိန်တွင် ယခုအချိန်အထိ အနီးကပ်မဟာမိတ်အချို့ကသာ ပူတင်ကို ဂုဏ်ပြုသည့် စကားပြောကြားထားသည်။

ဆယ်စုနှစ်နှစ်ခုနီးပါးကြာ အာဏာချုပ်ကိုင်လာခဲ့သော ပူတင်သည် ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၇၆ ဒသမ ၆ ရာခိုင်နှုန်းရရှိခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ အကောင်းဆုံး စွမ်းဆောင်မှု ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် တစ်သက်တာ အာဏာဆက်လက် ချုပ်ကိုင်ထားနိုင်ခြေကိုမူ ပယ်ချထားသည်။

ပူတင်၏ သမိုင်းဝင် စတုတ္ထမြောက်သက်တမ်း၏ တရားဝင်မှု ပိုမိုခိုင်မာစေရန်အတွက် မဲလာပေးသူမြင့်မားစေရန် ကရင်မလင်က တွန်းအားပေးခဲ့ချိန်တွင် အတိုက်အခံများကမူ ယင်းရလဒ်များသည် အကြံအဖန် ပြုလုပ်ထားခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး လူတစ်ဦးတည်းက နေရာအများအပြားတွင် မဲထည့်မှုနှင့် အခြားလိမ်လည်မှုအချို့လည်း ရှိခဲ့ကြောင်း ထောက်ပြခဲ့ကြသည်။

ယခုကဲ့သို့ အနိုင်ရခြင်းကြောင့် ၂၀၂၄ ခု နှစ်မတိုင်မီအထိ အာဏာချုပ်ကိုင်နိုင်ပြီး  စတာလင်နောက်ပိုင်း ရုရှား၏ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်ဖြစ်နေပြီဖြစ်သည့် ပူတင်က ထာဝရသမ္မတအဖြစ် ရှိနေမည်ဆိုခြင်းကိုမူ မတ် ၁၈ ရက်ညတွင် သတင်းထောက် များ၏မေးမြန်းမှုအား ပယ်ချခဲ့သည်။ ပူတင်သည် ယခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ခုနစ်ဦးနှင့် ယှဉ်ပြိုင်ရသော်လည်း ၎င်းအား အပြင်းထန်ဆုံးဝေဖန်သူဖြစ်သည့် အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီသည် တရားရင်ဆိုင်နေရမှုများကြောင့် ရွေး ကောက်ပွဲယှဉ်ပြိုင်မှု ပိတ်ပင်ခံခဲ့ရသည်။

မဲအားလုံးနီးပါး ရေတွက်ပြီးချိန်တွင် ပူတင်သည် ထောက်ခံမဲ ၇၆ ဒသမ ၆၇ ရာ ခိုင်နှုန်ရရှိခဲ့ပြီး အနီးဆုံးပြိုင်ဘက် ကွန်မြူနစ် ပါတီကိုယ်စားလှယ်လောင်း ပါဗယ်ဂရူဒီနင်က ထောက်ခံမဲ ၁၁ ဒသမ ၇၉ ရာခိုင်နှုန်း ရရှိခဲ့သည်။ အစွန်းရောက် အမျိုးသားရေးဝါဒီ ဗလာဒီမာဇီရီနော့စကီးက ထောက်ခံမဲ ၅ ဒသမ ၆၆ ရာခိုင်နှုန်း၊ ရုပ်သံအစီအစဉ်တင်ဆက်သူဟောင်း ကေဆင်နီယားဆော့ချက်က မဲ ၁ ဒသမ ၆၇ ရာခိုင်နှုန်း၊ ဝါရင့်လစ်ဘရယ်ဝါဒီနိုင်ငံရေးသမား ဂရီဂိုရီယက်လင်စကီးက တစ်ရာခိုင်နှုန်းကျော်သာ ရရှိခဲ့ကြကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

အတုအယောင်ရွေးကောက်ပွဲအား  သပိတ်မှောက်ရန် တောင်းဆိုခဲ့ပြီး စောင့်ကြည့်သူ ၃၃၀၀၀ ကျော်အား စေလွှတ်ခဲ့သော အတိုက်အခံခေါင်းဆောင် နာဗာညီ၏ လှုပ်ရှားမှုအဖွဲ့နှင့် အစိုးရမဟုတ်သော ရွေးကောက်ပွဲစောင့်ကြည့်သည့်အဖွဲ့ Golos တို့က လူတစ်ဦးတည်းက နေရာများစွာတွင် မဲပေးမှု၊ ပူတင်ထောက်ခံသူများအား ဘတ်စ်ကားများဖြင့် မဲရုံများသို့ပို့ဆောင်ပေးမှုတို့ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ဗြိတိန်မြေပေါ်တွင် ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်းနှင့် သမီးဖြစ်သူတို့သည် ဆိုဗီယက်ခေတ်တွင် ထုတ်လုပ်သည့်အဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်၏နောက်ကွယ်တွင် ပါဝင်သည်ဟု စွပ်စွဲခံခဲ့ရပြီး ရုရှားသည် ကမ္ဘာ့စင်မြင့်တွင် ပိုမိုအထီးကျန်လာနေစဉ် ယခုရွေးကောက်ပွဲကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ပူတင်၏အနိုင်ရမှုအား တရုတ်သမ္မတရှီကျင်ပင်း၊ လက်တင်အမေရိကမှ လက်ဝဲခေါင်းဆောင်များဖြစ်သည် ဗင်နီဇွဲလားသမ္မတ နီကိုလတ်မာဒူရိုနှင့် ဘိုလစ်ဗီးယားသမ္မတ အီဗိုမိုရာလေးတို့ကသာ ဂုဏ် ပြုသည့်စကားများ ပြောကြားထားသည်။

 

Most Read

Most Recent