တရုတ်ပါလီမန်က ဝန်ကြီးချုပ် လီခယ်ကျင်းကို ဒုတိယသက်တမ်းငါးနှစ် ထပ်မံခန့်အပ်

တရုတ်ပါလီမန်က ဝန်ကြီးချုပ် လီခယ်ကျင်းကို ဒုတိယသက်တမ်းငါးနှစ် ထပ်မံခန့်အပ်
Published 19 March 2018

မတ် ၁၈ ရက်က ဝန်ကြီးချုပ် ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရသည့် လီခယ်ကျင်း (ယာ) နှင့် သမ္မတရှီကျင်ပင်းတို့ လက်ဆွဲနှုတ်ဆက်နေကြသည်ကို လွှတ်တော်အစည်းအဝေးအတွင်း တွေ့ရစဉ် (Photo - AFP)

တရုတ်၏ လက်ညှိုးထောင်ခေါင်းညှိတ် ပါလီမန်သည် ဝန်ကြီးချုပ် လီခယ်ကျင်းအား ဒုတိယငါးနှစ်သက်တမ်းအား ဆက်လက်ထမ်းဆောင်စေရန် မတ် ၁၈ ရက်က ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။ ထိုကြောင့် လီသည် သြဇာကြီးခေါင်းဆောင် ရှီကျင်ပင်း၏ အရိပ်အောက်သို့ ပိုမိုကျရောက်သော ဝန်ကြီးချုပ် သက်တမ်းတစ်ခုကို တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်သည်။

ပေကျင်းရှိ ပြည်သူ့ခန်းမတွင် ကျင်းပပြုလုပ်သော အမျိုးသားပြည်သူ့ကွန်ဂရက်၏ နှစ်ပတ်လည်အစည်းအဝေးတွင် လီသည် ထောက်ခံမဲ ၂၉၆၄ မဲ၊ ကန့်ကွက်မဲနှစ်မဲဖြင့် ပြန်လည်ရွေးကောက်ခံခဲ့ရခြင်း ဖြစ်သည်။

လီသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး စီးပွားရေးကြီးကို နေ့စဉ်မပြတ်ကြီးကြပ်ရန်အတွက် ၂၀၁၃ ခုနှစ်က ဝန်ကြီးချုပ်အဖြစ် စတင်ခန့်အပ်ခံခဲ့ရသည်။ သို့သော် လီသည် နောက်ပိုင်းတွင် ရှီကျင်ပင်း၏ အာဏာကို ပိုမိုစုစည်းချုပ်ကိုင်လာမှု၊ ဂုဏ်ပုဒ်ရာထူးများ ပိုမိုယူလာမှု၊ အင်အားကြီး မဟာမိတ်များကို အနားတွင် ပိုမိုထားရှိလာမှုတို့နှင့် ရင်ဆိုင်လာရသည်။

မတ် ၁၇ ရက်က ရှီ၏ ခြစားမှုနှိမ်နင်းရေး ဦးဆောင်သူနှင့် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်း ဘက်ဖြစ်သော ဝမ်ကျီရှန်သည် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခံလိုက်ရခြင်းက အစိုးရ ရေးရာများတွင် လီ၏ကျော်ကြားမှုဂုဏ် သတင်းလျော့ကျလာသည်ကို ပြသသည့် နောက်ထပ်လက္ခဏာတစ်ခု ဖြစ်သည်။

ထို့ပြင် ရှီကျင်ပင်းသည် ၎င်း၏ ထိပ်တန်း စီးပွားရေးလက်ထောက်ဖြစ်သော လျူဟဲကို အမေရိကန်နှင့် ကုန်သွယ်ရေး အကျပ်အတည်းအား ဖြေရှင်းရန် စေခိုင်းခဲ့ပြီး ယခုလ အစောပိုင်းကပင် ဝါရှင်တန်သို့ စေလွှတ်ခဲ့သည်။

“လီဟာ လုံးဝဘေးထွက်နေလိုက်ရတာတော့ မဟုတ်ပါဘူး။ သူဟာ သာမည အခြေအနေတစ်ခုကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ လီအနေနဲ့ စီးပွားရေးမူဝါဒအပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ လွှမ်းမိုးမှုရှိပါဦးမယ်။ ဒါပေမဲ့ ဒီလွှမ်းမိုးမှုဟာ ထိပ်သီးခေါင်းဆောင်ဖြစ်တဲ့ ရှီထံကနေ ဦးစွာအသိအမှတ်ပြုမှုကို လိုအပ်ဦးမှာဖြစ်ပါတယ်” ဟု အမေရိကန်ရှိ Williams ကောလိပ်မှ တရုတ်သမိုင်းကျွမ်းကျင်သူ ဆမ်ကရိန်းက သုံးသပ်သွားခဲ့သည်။

လီသည် လွန်ခဲ့သည့် ငါးနှစ်က ဝန်ကြီးချုပ်ရာထူးကို စတင်တာဝန်ယူခဲ့စဉ်က နိုင်ငံခြားလုပ်ငန်းများအပေါ်တွင် မျှမျှတတ ဆက်ဆံမည်၊ ပုဂ္ဂလိကကဏ္ဍကို ဦးစားပေးသော ဈေးကွက်ပြုပြင်ပြောင်းလဲမှုများအတွက် ပိုမို နေရာပေးမည်ဟု ကတိပေးခဲ့သူ ဖြစ်သည်။ သို့သော်လည်း အမေရိကန်နှင့် ဥရောပတို့၏ ပြောကြားချက်အရ ကြီးမားလှသော တရုတ်ဈေးကွက်ကြီးထဲသို့ ထိုးဖောက်ဝင်ရောက်ရာတွင် နိုင်ငံခြားလုပ်ငန်းများအနေနှင့် အခက်အခဲများနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံခြားလုပ်ငန်းများသည် တရုတ်ဈေးကွက်ထဲသို့ဝင်လိုပါက ပြည်တွင်းလုပ်ငန်းများနှင့် ပူးပေါင်းခြင်း၊ နည်းပညာ ဝေငှခြင်းတို့ကိုလည်း ပြုလုပ်ရန် ဖိအားပေးခံနေကြရကြောင်း သိရသည်။

Ref ; AFP

Most Read

Most Recent