အာဆီယံထိပ်သီးတွင် ဘင်္ဂါလီအကျပ်အတည်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဖိအားပေး

အာဆီယံထိပ်သီးတွင် ဘင်္ဂါလီအကျပ်အတည်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဖိအားပေး
Published 19 March 2018

ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲလုပ်နေကြသော စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း(ဝဲ) နှင့် သြစတြေးလျဝန်ကြီးချုပ် မယ်ကွန်တန်ဘူး(ယာ) တို့ကို မတ် ၁၈ ရက်က ဆစ်ဒနီ၌ တွေ့ရစဉ် (Photo - AFP)

မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၁၈ ရက်က ဆစ်ဒနီတွင် ကျင်းပသော အာဆီယံထိပ်သီးတွင် ဘင်္ဂါလီမွတ်စလင်အရေးနှင့် ပတ်သက်၍ ဖိအားများပေးခံခဲ့ရကြောင်း သိရသည်။ သို့သော် အာဆီယံအဖွဲ့အစည်းက  ထိုအရေးကိစ္စထဲသို့ ၎င်းတို့အနေနှင့် ကြားမဝင်နိုင်ကြောင်းနှင့် ရလဒ်တစ်ခု ထွက်လာစေရန် တွန်းအားများမပေးနိုင်ကြောင်း အလေးပေးထုတ်ပြန်ခဲ့သည်။

ဆစ်ဒနီတွင်ပြုလုပ်သော အာဆီယံ-သြစတြေးလျ သုံးရက်ကြာ ထိပ်သီးအထူးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်အရေးကိစ္စသည် အဓိကဆွေးနွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည်။

“ဒီနေ့မှာ ကျွန်တော်တို့တတွေ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေနဲ့ပတ်သက်ပြီး အတော်အတန် ဆွေးနွေးခဲ့ကြပါတယ်” ဟု သြစတြေးလျဝန်ကြီးချုပ် မယ်ကွန်တန်ဘူးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။ ထိုအရေးကိစ္စကို ယခုအစည်းအဝေးတွင် အလွန်အပြုသဘောဆောင်စွာ ဆွေးနွေးခဲ့သည့်ကြောင်းလည်း ၎င်းက ဆိုသည်။

အာဆီယံအဖွဲ့၏ ယခုနှစ်အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော စင်ကာပူနိုင်ငံမှ ဝန်ကြီးချုပ် လီရှန်လွန်းက လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အိမ်နီးချင်းများသည် စိုးရိမ်နေကြသော်လည်း ရလဒ်တစ်ခု ထွက်ပေါ်လာရန် တွန်းအားမပေးနိုင်ကြောင်း ပြောကြားသွားခဲ့သည်။

“ဒါဟာ အာဆီယံနိုင်ငံတွေအားလုံးအတွက် စိုးရိမ်စရာကိစ္စတစ်ခုပါ။ ဒါပေမဲ့ အခုအချိန်အထိတော့ အာဆီယံအနေနဲ့ ဝင်ရောက်စွက်ဖက်ပြီး အဖြေတစ်ခုထွက်လာအောင် တွန်းအားမပေးနိုင်သေးပါဘူး” ဟု လီရှန်လွန်းက တန်ဘူးနံဘေးတွင်ရပ်ကာ ပြောကြားခဲ့သည်။

ထိုခေါင်းဆောင်နှစ်ဦးစလုံးက ရခိုင်ပြည်နယ်ပြဿနာ အဆုံးသတ်စေရန် ဦးတည်သည့် ရေရှည်ဖြေရှင်းမှုတစ်ခု ထွက်ပေါ်လာစေရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကာ နေရပ်မှ ရွှေ့ပြောင်းခဲ့ရသူများကို ကူညီရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများဖြင့် ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်၂၀ ရက်တွင် ဆစ်ဒနီရှိ လိုဝီအင်စတီကျု၌ မိန့်ခွန်းမပြောမီ မတ် ၁၉ ရက်တွင် ဝန်ကြီးချုပ် တန်ဘူးနှင့် ကန်ဘာရာ၌ ဆွေးနွေးမှုများပြုလုပ်မည် ဖြစ်သည်။ မတ် ၂၀ တွင် ပြုလုပ်မည့် မီဒီယာနှင့်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် မေးခွန်းများကို လက်ခံဖြေကြားရန်လည်း စီစဉ်ထားသည်။

Ref ; AFP

Most Read

Most Recent