သမ္မတရွေးကောက်ပွဲ နီးကပ်လာနေစဉ် အင်ဒိုနီးရှားက သတင်းတုများနှင့် အွန်လိုင်း၌ အမုန်းစကားဖြန့်ချိမှုများအား တိုက်ဖျက်နေရ

သမ္မတရွေးကောက်ပွဲ နီးကပ်လာနေစဉ် အင်ဒိုနီးရှားက သတင်းတုများနှင့် အွန်လိုင်း၌ အမုန်းစကားဖြန့်ချိမှုများအား တိုက်ဖျက်နေရ
Published 18 March 2018

မတ် ၈ ရက်က ဂျကာတာတွင် သတင်းအတုများနှင့် အွန်လိုင်း၌ အမုန်းတရား ဖြန့်ချိမှု ဆောင်ရွက်ခဲ့သည့် သံသယရှိသူတစ်ဦး၏ အကြောင်းအား ရဲတပ်ဖွဲ့က ရှင်းလင်းနေစဉ် (Photo: AFP)

ကမ္ဘာတွင် မွတ်စလင် အများဆုံးနေထိုင်သော အင်ဒိုနီးရှား၌ လူမှုဝန်းကျင်နှင့် ဘာသာရေးဆိုင်ရာ သဘောထားအမြင်များအား အက်ကြောင်းထင်နိုင်သည့် ဖမ်းဆီးမှု တစ်သီတစ်တန်း ဖြစ်ပေါ်ခဲ့စဉ် ၂၀၁၉ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲများ မကျင်းပမီ အင်ဒိုနီးရှားသည် သတင်းတုများနှင့် အွန်လိုင်း၌ အမုန်းစကား ဖြန့်ချိမှုလှိုင်းလုံးကို တွန်းလှန်နေရသည်။ ကွန်ဆာဗေးတစ်အဖွဲ့များက အလိမ်အညာများအား ဖြန့်ချိရန်နှင့် လူနည်းစုများ ပစ်မှတ်ထားရန်အတွက် လူမှုမီဒီယာကို အလွဲသုံးနေစဉ် လူမျိုးစုံနေထိုင်ပြီး သည်းခံမှုရှိသည့် ခံတပ်ဖြစ်သည်ဟု ဂုဏ်သိက္ခာရှိသော အင်ဒိုနီးရှားသည် မကြာသေးမီလများအတွင်း စမ်းသပ်မှုများ ကြုံခဲ့ရသည်။

အစိုးရအား တိုက်ခိုက်ရန်နှင့် ဘာသာရေးဆိုင်ရာ အစွန်းရောက်မှုများအား မီးထိုးပေးရန် Facebook၊ Instagram နှင့် Twitter တို့ကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် လွတ်နေသော အဖွဲ့များအစုအဝေးဖြစ်သည့် Muslim Cyber Army (MCA) မှ အဖွဲ့ဝင်များအား ရဲတပ်ဖွဲ့က ဖမ်းဆီးဖြိုခွင်းခဲ့ကြသည်။ ယင်းအဖွဲ့၏ အထင်ရှားဆုံး သတင်းမှား ဖြန့်ချိမှုနှစ်ခုမှာ ဒါဇင်များစွာသော အစ္စလာမ္မစ်ဘာသာရေးဆရာများသည် လက်ဝဲဝါဒီများ၏ တိုက်ခိုက်ခြင်းခံခဲ့ရကြောင်းနှင့် အင်ဒိုနီးရှားတွင် တရားမဝင်ဟု ကြေညာထားသည့် ကွန်မြူနစ်ပါတီသည်အား ပြန်ကောင်းလာနေကြောင်း ဖော်ပြမှုများဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

၁၉၆၀ ပြည့်လွန်နှစ် အလယ်ပိုင်းနှစ်များ၌ အာဏာရှင်ဆူဟာတိုလက်ထက် လက်ဝဲဝါဒီများဟု သံသယရှိသူ သန်းထက်ဝက်ခန့် သတ်ဖြတ်ခံခဲ့ရမှု ဖြစ်ပွားခဲ့သည့် အင်ဒိုနီးရှားတွင် ဘာသာမဲ့များ၏ လက္ခဏာဖြစ်သော ကွန်မြူနစ်ဝါဒသည် တားမြစ်ထားသည့်အရာတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည်။ MCA သည် အစိုးရအား မတည်မငြိမ်ဖြစ်စေရန်နှင့် လူမှုရေးပဋိပက္ခ ဖြစ်ပေါ်စေရန် လိုလားနေသည်ဟု အမျိုးသားရဲတပ်ဖွဲ့၏ လူမှုရေးရာ အကြီးအကဲ ဂါတော့အက်ဒီပရာမိုနိုက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲကာလအတွင်း သမ္မတဂျိုကိုဝီဒိုဒိုအား အပုပ်ချမှုများ အပါအဝင် အင်ဒိုနီးရှားသည် အင်တာနက်၌ လှိမ့်လုံးများကို ကြုံခဲ့ရဖူးသော်လည်း သတင်းတုများအား မကြာသေးမီက ဖြိုခွင်းမှုများသည် လာမည့်ရွေးကောက်ပွဲ မဲဆွယ်မှုများကို သက်ရောက်နိုင်ခြေအတွက် အာဏာပိုင်များ၏ စိတ်မသက်မသာ ဖြစ်နေမှုကို ပြသနေခဲ့သည်။

အင်ဒိုနီးရှားတွင် ၂၀၁၉ ခုနှစ်၌ သမ္မတရွေးကောက်ပွဲမတိုင်မီ ဇွန်တွင် ဒေသဆိုင်ရာ ရွေးကောက်ပွဲများကို တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်သည်။ သမ္မတဝီဒိုဒိုက ပြီးခဲ့သောဇန်နဝါရီတွင် ဆိုက်ဘာလုံခြုံရေး အေဂျင်စီသစ်ကို ထူထောင်ခဲ့ချိန်၌ ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းတုများဖြန့်ချိသည့် ဝက်ဘ်ဆိုက်များအား ဖော်ထုတ်နိုင်သော ဆော့ဝဲသစ်တစ်မျိုးကို ရေးဆွဲနေကြောင်း ပြီးခဲ့သောလ၌ ကြေညာခဲ့သည်။

ဆိုက်ဘာလှိမ့်လုံးများ

အင်ဒိုနီးရှားတွင် အင်တာနက်၌ လှိမ့်လုံးများနှင့် သတင်းအချက်အလက် အလွဲများ ဖြန့်ချိမှုများသည် မြို့တော်ဂျကာတာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကာလဖြစ်သော ၂၀၁၆ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၇ ခုနှစ် အစောပိုင်းတို့၌ အရှိန်အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ဂျကာတာ၏ ပထမဆုံး ခရစ်ယာန်ဘာသာဝင်နှင့် တရုတ်လူမျိုး အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည့် ဘာဆူကီဂျဟာဂျာပါနာမားသည် ကိုရမ်ကျမ်းအား စော်ကားပြောဆိုခဲ့ကြောင်းကို မှတ်တမ်းတင်ထားသော တည်းဖြတ်ထားသည်ဟု ယူဆရသော ဗီဒီယိုအပိုင်း ထွက်ပေါ်လာခဲ့ပြီးနောက် အမည်ပြောင် အဟော့ဟုခေါ်ဆိုသည့် ပါနာမားအား သဘောထား တင်းမာသော အစ္စလာမ္မစ်များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

အဆိုပါ စွပ်စွဲချက်များသည် ကွန်ဆာဗေးတစ်မွတ်စလင် ထောင်ပေါင်းများစွာအား ဂျကာတာရှိ လမ်းများပေါ်သို့ ထွက်လာစေရန် ဆွဲဆောင်နိုင်ခဲ့ပြီး ဝီဒိုဒို၏ မဟာမိတ်တစ်ဦးဖြစ်သော တစ်ချိန်က လူကြိုက်များခဲ့သည့် အဟော့၏ကျဆုံးခန်းသို့ ဦးတည်စေခဲ့သည်။ အဟော့သည် ရွေးကောက်ပွဲတွင် မွတ်စလင် ပြိုင်ဘက်အား အရေးနိမ့်ခဲ့ပြီးနောက် ဘာသာရေးဆိုင်ရာ စော်ကားမှုစွဲချက်ဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ အဟော့နှင့် မွတ်စလင် မဟုတ်သူများအား တိုက်ခိုက်သည့် အကြောင်းအရာများကို ဖြန့်ချိရာတွင် MCA က အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယင်းအဖွဲ့သည် သဘောထားရေးရာအရ အဖွဲ့ခွဲ လေးခုထက်မနည်းဖြင့် လည်ပတ်နေကြောင်း၊ ထပ်တလဲလဲ လုပ်ဆောင်သော ဆော့ဝဲလ်ပရိုဂရမ်များ၏ အကူအညီဖြင့် လှုံ့ဆော်သည့် အကြောင်းအရာများအား ဖြန့်ချိမှု သို့မဟုတ် အတိုက်အခံများ၏ အွန်လိုင်းအကောင့်များအား ထိုးဖောက်တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း အင်ဒိုနီးရှားရှိ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်သည့်အဖွဲ့ SAFENET မှ ဒါမာဂျူနီယာတိုက ပြောကြားခဲ့သည်။

အခြားအဖွဲ့ခွဲတစ်ခုကလည်း အစွန်းရောက်အစ္စလာမ္မစ်နှင့် မွတ်စလင်ပိုင်နက်တစ်ခု ထူထောင်ရန် တွန်းအားပေးခဲ့ပြီး နောက်ထပ်အဖွဲ့ခွဲကလည်း ဝီဒိုဒိုအား ဆန့်ကျင်သည့် ကွန်ဆာဗေးတစ်နိုင်ငံရေးသမားများနှင့် စစ်ဘက်တာဝန်ရှိသူများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဒစ်ဂျစ်တယ် တတ်မြောက်မှု

အင်ဒိုနီးရှားတွင် လူဦးရေစုစုပေါင်း၏ ထက်ဝက်ခန့်ရှိသော လူဦးရေသန်း ၁၃၀ ခန့်က လူမှုမီဒီယာအား အသုံးပြုမှုသည် နေ့စဉ်ပျမ်းမျှ သုံးနာရီခွဲနီးပါးရှိရာ ကမ္ဘာတွင် အသုံးပြုမှု အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း လန်ဒန်အခြေစိုက် We Are Social အေဂျင်စီနှင့် လူမှုမီဒီယာစီမံခန့်ခွဲရေးအဖွဲ့ Hootsuite တို့၏ အချက်အလက်များအရ သိရသည်။

ထို့ပြင် အင်ဒိုနီးရှားသည် ဒစ်ဂျစ်တယ် အသုံးပြုမှုတတ်မြောက်ရေး အစီအစဉ်များအား မိတ်ဆက်ရာတွင် နောက်ကျခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်များက ထောက်ပြခဲ့ကြသည်။ “အင်ဒိုနီးရှားမှာ လူတွေ အများအပြားက အင်တာနက်မှာတင်တဲ့ သတင်းတွေ၊ ဗီဒီယိုတွေ အားလုံးကို မှန်တယ်လို့ ထင်နေကြတယ်။ အဲဒါတွေက မှားနေတယ်လို့ သူတို့မသိကြဘူး” ဟု အင်ဒိုနီးရှားတွင် သဘောထားအလယ်အလတ်ရှိ အကြီးဆုံးမွတ်စလင်အဖွဲ့ဖြစ်သော Nahdlatul Ulama (NU) မှ မီဒီယာဌာနညွှန်ကြားရေးမှူး ဆာဗစ်အလီက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent