အိန္ဒိယ၏ ဆီလီကွန်တောင်ကြား၌ လူတို့ဖန်တီးသော ရေအကျပ်အတည်းနှင့် ကြုံတွေ့နေရ

အိန္ဒိယ၏ ဆီလီကွန်တောင်ကြား၌ လူတို့ဖန်တီးသော ရေအကျပ်အတည်းနှင့် ကြုံတွေ့နေရ
Published 18 March 2018

ဖေဖော်ဝါရီ ၂၇ ရက်က ဘန်ဂလိုမြို့တွင် တိုက်ခန်းများသို့ ရေပေးဝေနေသည့် ရေသယ်ကားများကို တွေ့ရစဉ် (Photo: AFP)

ဘန်ဂလိုမြို့ထဲမှ နာဂရပ်ချ်၏ အထပ်သား ပရိဘောဂဆိုင်ငယ်လေး၏ရှေ့မှ ရေသယ်ကားကြီး ပေါင်းစီးရေ ၁၀၀၀ ကျော် နေ့စဉ် ဖြတ်သန်းသွားလေ့ရှိသည်။ အိန္ဒိယ၏ ရေဘေးပြဿနာနှင့် ရင်ဆိုင်နေရသော နည်းပညာ ဗဟိုချက်မြို့ရှိ နေအိမ်များ၊ ရုံးများထံသို့ အဖိုးတန်ရေများကိုပို့ရန်အတွက် ထိုရေသယ်ကားကြီးများ ဖြတ်သွားတိုင်း ဖုန်လုံးများထ၍ ကျန်ခဲ့လေ့ရှိသည်။

အိန္ဒိယ၏ ဆီလီကွန်တောင်ကြားဟု တင်စားခေါ်ဝေါ်ခံရသည့် ဘန်ဂလိုမြို့ထဲတွင် လက်ရှိနေထိုင်၊ အလုပ်လုပ်ကိုင်နေသည့် လူများအား ပံ့ပိုးရန်အတွက်ပင် လုံလောက်သော အဓိကရေအရင်းအမြစ် မရှိသော်လည်း တလက်လက် တောက်ပနေသည့် လူနေတိုက်အဆောက်အအုံများသည် ယခုထက်ထိ အများအပြား ပေါ်ထွက်နေကြဆဲ ဖြစ်သည်။

မြို့ထဲရှိ လူအများအပြားသည် ကားဖြင့် သယ်ဆောင်လာသော ရေများကိုသာ လုံးလုံးလျားလျား မှီခိုနေရခြင်းဖြစ်သည်။ ထိုကားများပေါ်မှ ရေများသည် မြေအောက်ရေကို အလွန်အမင်း လျော့နည်းစေသည့် ကြီးမားလှသော ရေတွင်းများမှရသော ရေများဖြစ်သောကြောင့် ဘန်ဂလိုသည် အိန္ဒိယနိုင်ငံထဲတွင် ရေပြတ်တောက်သွားသော ပထမဆုံးမြို့ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းနေကြခြင်းဖြစ်သည်။

“ဒီမှာ ဆိုးဆိုးရွားရွား ရေပြတ်လတ်မှု ဖြစ်ပေါ်နေပါတယ်” ဟု အသက် ၃၀ အရွယ် နာဂရပ်ချ်က ပြောကြားခဲ့သည်။ နာဂရပ်ချ်သည် ဘန်ဂလိုမြို့ထဲမှ ဆင်ခြေဖုံးရပ်ကွက် တစ်ခုဖြစ်သော ပန်နာသာသို့ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက ရွှေ့ပြောင်းလာသူဖြစ်သည့်အတွက် တောထနေသော ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ပြောင်းလဲမှုများကိုလည်း မျက်မြင်ကိုယ်တွေ့ရှိသူတစ်ဦးဖြစ်သည်။

“အနာဂတ်အတွက်ကတော့ တအားခက်ခဲပါလိမ့်မယ်။ သူတို့တတွေ ရေကို ဘယ်လိုသွားရှာမယ်ဆိုတာ စဉ်းစားလို့တောင် မရပါဘူး။ ကျွန်တော်တို့တတွေ ပေ ၁၅၀၀ (မီတာ ၄၅၀) လောက်အထိ တူးတာတောင် ရေမထွက်ဘူး ဖြစ်နေပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
နာဂရပ်ချ်တို့ နေထိုင်သည့် ပန်နာသာရပ်ကွက်သည် ဘန်ဂလို၏ အကြီးဆုံး ရေကန်ကြီးဖြစ်သော ဘယ်လန်ဒါ၏ နံဘေးတွင် တည်ရှိခြင်းဖြစ်သည်။

စိမ်းလန်းစိုပြေသော ဥယျာဉ်များကြောင့် တစ်ချိန်က အိန္ဒိယ၏ ဥယျာဉ်မြို့ဟု တင်စားခံရသော ဘန်ဂလိုသည် မိုးရေများကို စုစည်းရန် တည်ဆောက်ထားသော ရေကန်များစွာ၏ဝန်းကျင်တွင် တည်ထားခြင်းဖြစ်သည်။ လုပ်ငန်းများ ရုတ်တရက် ကြီးထွားတိုးတက်လာသော ဘန်ဂလိုမြို့သို့ စုပြုံရောက်ရှိလာသည့် အလုပ်သမားများကို နေထိုင်စရာပေးရန် ‘အိမ်မက်ဧကများ’ ‘စတော်ဘယ်ရီခင်းများ’ ဟု အမည်ပေးထားသော လူနေတိုက်အဆောက်အအုံများကို တည်ဆောက်ရေးအတွက် ထိုရေကန်များအနက် အများအပြားမှာ လက်ရှိတွင် ကွန်ကရစ်ခင်းခံလိုက်ရပြီဖြစ်သည်။

ကျန်နေသေးသည့် ရေကန်များမှာလည်း အလွန်အမင်း ညစ်ညမ်းလျက်ရှိသည်။ အကြီးဆုံး ရေကန်ဖြစ်သည့် ဘယ်လန်ဒါရေကန်မှာမူ လက်ရှိတွင် အဆိပ်သင့်နေကာ ရံဖန်ရံခါတွင် ရေကန်ထဲမှ မီးများထတောက်ခြင်း၊ အဖြူရောင် အမြုပ်များထခြင်းတို့ပင် ဖြစ်နေပြီ ဖြစ်သည်။ ထိုအမြှုပ်များမှာ များပြားလွန်းလှသဖြင့် လမ်းများပေါ်သို့ လျှံမကျစေရန် အာဏာပိုင်များက အရန်အတားများပင် တည်ဆောက်ပေးထားရသည်။

“ဒီမြို့ကြီးဟာ သေအံ့မူးမူး ဖြစ်နေပါပြီ” ဟု အိန္ဒိယသိပ္ပံ အင်စတီကျုမှ ဂေဟဗေဒပညာရှင်ဖြစ်သူ တီ.ဗီ.ရာ မာချန်ဒရာက ပြောကြားခဲ့သည်။ “လက်ရှိအတိုင်း ဆက်သွားပြီး မြို့ပြတိုးချဲ့မှုတွေကို ခွင့်ပြုပေးနေမယ်ဆိုရင် ၂၀၂၀ ပြည့်နှစ်မှာ မြို့ရဲ့ မြေနေရာ ၉၄ ရာခိုင်နှုန်းဟာ ကွန်ကရစ်တွေ ခင်းခံလိုက်ရပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြို့၏မြူနီစီပယ်ရေ အများစုကိုမူ Cauvery မြစ်မှ ထောက်ပံ့နေခြင်းဖြစ်သည်။ ကာနာတာကာပြည်နယ်နှင့် အိမ်နီးချင်း တမီနာဒူပြည်နယ်တို့ကြားမှ ဖြတ်သန်းစီးဆင်းကာ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သွားသော Cauvery မြစ်နှင့်ပတ်သက်၍ ခါးသီးသော အငြင်းပွားမှုများ ဖြစ်နေကြသည်မှာ ဆယ်စုနှစ် တစ်ခုကျော်ကြာ ရှိပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်က တမီနာဒူထဲတွင် ကြုံနေရသော သီးနှံပြတ်လတ်မှုကို ဖြေလျှော့စေရန်အတွက် မြစ်ရေခွဲတမ်း အနည်းငယ်ပို၍ပေးရန် အမိန့်စာတစ်ခု ထွက်လာခဲ့ပြီးနောက် ဘန်ဂလိုထဲတွင် လူသေဆုံးမှုရှိသည့် ဆန္ဒပြမှုကြီးများ ပေါ်ပေါက်လာခဲ့သေးသည်။

ပြီးခဲ့သည့်လကမူ ဘန်ဂလို၏ သေရေရှင်ရေးဖြစ်နေသော အခြေအနေကို ထောက်ပြပြီး မြစ်ရေမျှဝေသုံးစွဲမှုတွင် ကာနာတာကာဘက်သို့ အသာပေးရန် တရားရုံးချုပ်က ပြောင်းလဲဆုံးဖြတ်ခဲ့သည်။

ဘန်ဂလိုမြို့၏ နှစ်စဉ်မိုးရေချိန်သည် နေထိုင်သူ ၁၀ သန်းအတွက် လုံလောက်ပြီး မိုးရေကို စနစ်တကျ စုဆောင်းတတ်ပါက ရေတွင်းများ၊ မြစ်ရေများပင်လိုမည်မဟုတ်ဟု ဂေဟဗေဒပညာရှင် ရာမာချန်ဒရာက ပြောကြားခဲ့သည်။

“ရေပြဿနာပေါ်လာပြီဆိုရင် ကျွန်တော်တို့က မြစ်ရေခွဲတမ်းအတွက် စဉ်းစားရမှာမဟုတ်ဘဲ ရေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent