ဟောင်ကောင်ဗိသုကာပညာရှင်က တန်ဖိုးနည်းပိုက်လုံးအိမ်များ ဆောက်လုပ်ရန် ရည်ရွယ်

ဟောင်ကောင်ဗိသုကာပညာရှင်က တန်ဖိုးနည်းပိုက်လုံးအိမ်များ ဆောက်လုပ်ရန် ရည်ရွယ်
Published 18 March 2018

မတ် ၁၃ ရက်က ဟောင်ကောင်တွင် OPod ပိုက်လုံးအိမ်၌ ထိုင်နေသော ဗိသုကာပညာရှင် ဂျိမ်းစ်လောကို တွေ့ရစဉ် (Photo: AFP)

ဟောင်ကောင်၏ အလွန်အမင်း ဈေးကြီးသည့် အိမ်ရာများကြောင့် ဒေသခံများအတွက် အိမ်တစ်လုံး ပိုင်ဆိုင်နိုင်မှုက စိတ်ကူးယဉ် အိမ်မက်တစ်ခုမျှသာ ဖြစ်လာစေသည်။

ဒေသခံဗိသုကာပညာရှင်တစ်ဦးက ယင်းအခက်အခဲကို လျော့ပါးစေရန် ဧရာမကွန်ကရစ် ရေနုတ်မြောင်းပိုက်များအတွင်း ခေတ်မီပြီး အလွန်သေးငယ်သည့် တိုက်ခန်းများ ဆောက်လုပ်မည့် ဆန်းသစ်သော စိတ်ကူးတစ်ခုကို အဆိုပြုခဲ့သည်။

ဂျိမ်းစ်လော၏ OPod Tube Housing သည် အယူအဆအပေါ် အခြေတည်သော အဆင့်မျှသာရှိပြီး မစမ်းသပ်ရသေးသော တီထွင်မှုတစ်ခုဖြစ်သော်လည်း အိမ်ရာရှားပါးမှုကို ဖြေရှင်းရန်အတွက် ဆွဲဆောင်နိုင်ခဲ့သည်။

စတုရန်းပေ ၁၀၀ (၉ ဒသမ ၃ စတုရန်းမီတာ) ခန့်သာရှိသည့် ပိုက်လုံးအိမ်ရာများသည် ဟောင်ကောင်၏ ဆိုးရွားလွန်းသော အခန်းတစ်ခုအတွင်း အခန်းငယ်များ ကန့်ထားသော ကျဉ်းကျဉ်းကျုတ်ကျုတ် အိမ်ရာများထက် အများကြီး သေးငယ်မည်မဟုတ်ပေ။

ပိုက်လုံးအိမ်ရာများသည် အခန်းငယ် အများအပြား ကန့်ထားသည့် ‘အခေါင်း’ နှင့် ‘လှောင်အိမ်’ ဟုခေါ်ဆိုသည့် အိမ်ရာအမျိုးအစားထက် အရွယ်အစားကြီးမည်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုရှိ အသုံးမပြုရသေးသည့် ရေဆိုးစွန့်ထုတ်သည့် ပိုက်လုံးများကို မြင်တွေ့ချိန်တွင် ဂျိမ်းစ်လောက ယင်းအကြံဉာဏ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

“ပိုက်လုံးတွေကို တကယ့်ကို ချစ်စရာကောင်းပြီး သေးငယ်တဲ့ နေထိုင်မှုပုံစံ ပြောင်းလဲကောင်း ပြောင်းလဲနိုင်လိမ့်မယ်” ဟု လောက ပြောကြားခဲ့သည်။

လောသည် လူထုစိတ်ဝင်စားမှုကို စမ်းသပ်ရန်အတွက် ရှေ့ပြေးပုံစံတစ်ခုသာ ဆောက်လုပ်ခဲ့သော်လည်း ကမ္ဘာတစ်ဝန်းမှ စုံစမ်းမေးမြန်းမှုများကို လက်ခံရရှိခဲ့သည်။

“OPod ထဲမှာ ပြည့်ကျပ်နေအောင် ထည့်ထားတာတွေ အတော်များများရှိတယ်။ ပိုက်လုံးထဲမှာ ၂ ဒသမ ၅ မီတာ (ရှစ်ပေခန့်) ရှိတဲ့ အကန့်နှစ်ကန့်ပါမယ်။ ပိုက်လုံးအရှည်ရဲ့ အစွန်းနှစ်ဖက်စလုံးကို မှန်တံခါးတွေ ထည့်ထားမယ်။ ဧည့်ခန်းထဲမှာ အိပ်ယာတစ်ခုလိုမျိုး ပြောင်းလို့ရတဲ့ ခုံရှည်တစ်ခု၊ မျက်နှာချင်းဆိုင်ဖက်မှာ စင်လေးတွေထားမယ်။ နောက်ထပ်စင်တစ်ခုမှာ ရေခဲသေတ္တာတစ်လုံး၊ မိုက်ခရိုဝေ့မီးဖိုတစ်လုံးထားမယ်။ အဲကွန်းတစ်လုံးလည်းပါမယ်။ ကြွေပြားကပ်ထားတဲ့ ရေချိုးခန်းမှာ ရေပန်းနဲ့ သန့်စင်ခန်းပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

OPod ဆောက်လုပ်ရန်အတွက် ဒေါ်လာ ၁၅,၀၀၀ ကုန်ကျမည်ဖြစ်သည်။ ယင်းအခန်းများကို ယခုမှဘဝစရန် ကြိုးစားနေသည့် ဝင်ငွေအနည်းငယ်သာရရှိသည့် ဘွဲ့ရပြီးစ လူငယ်များကို တစ်လျှင် ဒေါ်လာ ၄၀၀ အောက်ဖြင့် ငှားရမ်းရန် စိတ်ကူးနေသည်ဟု လောက ပြောကြားခဲ့သည်။

“OPod တွေက အခုမှ ဘဝစတင်မယ့် လူငယ်တွေအတွက် နေထိုင်မှု အသစ်တစ်ခုဖြစ်လာမယ်လို့ မျှော်မှန်းထားတယ်” ဟု လောက ဆိုသည်။ ပိုက်လုံးအိမ်များသည် အဆောက်အအုံများအကြား၊ မိုးပျံတံတားများအောက်နှင့် ရှိနေပြီးဖြစ်သည့် အဆောက်အအုံ၏ အမိုးပေါ်တွင် အစီအရင်ပုံပြီးထားရှိနိုင်မည် ဖြစ်သည်။

“ဒီအိမ်တွေက တကယ့်ကို သယ်ရလွယ်ကူပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာပဲ ဆောက်လုပ်ပြီး ကုန်ကားတစ်စီးနဲ့ သယ်နိုင်တယ်။ ဘယ်နေရာကိုမဆို ပို့ပေးနိုင်တယ်။ OPod တွေက ဆန်းသစ်ပြီး ဈေးချိုတဲ့အဆောက်အအုံတစ်ခုကို ကိုယ်စားပြုပါတယ်” ဟု လောက ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent