ပင်စင်ခံစားခွင့်များ တိုးမြှင့်ပေးရန် စပိန်ပြည်သူများက တောင်းဆိုဆန္ဒပြ

ပင်စင်ခံစားခွင့်များ တိုးမြှင့်ပေးရန် စပိန်ပြည်သူများက တောင်းဆိုဆန္ဒပြ
Published 18 March 2018

မတ် ၁၇ ရက်က မက်ဒရစ်မြို့တွင် ရီနာဆိုဖီယာပြတိုက်အရှေ့၌ စုဝေးနေသော ဆန္ဒပြသူများကို တွေ့ရစဉ် (Photo: AFP)

စပိန်အစိုးရက ပင်စင်ခံစားခွင့်များအား ပုဂ္ဂလိကသို့ လွဲှပေးရန် ကြိုးပမ်းနေကြောင်း စပိန်အကြီးဆုံးသမဂ္ဂက စွပ်စွဲနေချိန်တွင် ပြည်သူထောင်ပေါင်းများစွာက မတ် ၁၇ ရက်တွင် နိုင်ငံတစ်ဝန်း၌ ချီတက်ခဲ့ကြပြီး ပင်စင်ခံစားခွင့်များအား တိုးမြှင့်ပေးရန် ချီတက်တောင်းဆိုခဲ့ကြသည်။

ကွန်ဆာဗေးတစ်ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်းအစိုးရအား ဆန့်ကျင်ရန် မြို့တော်မက်ဒရစ်နှင့် ဒုတိယအကြီးဆုံးမြို့ ဘာစီလိုနာတို့၌ အငြိမ်းစားများသည် မိုးနှင့်နှင်းများ ကျနေမှုကို အန်တုလျက် လမ်းပေါ်သို့ထွက်၍ ဆန္ဒပြခဲ့ကြသည်။

အငြိမ်းစားများက မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ပင်စင်ခံစားခွင့်များသည် နှစ်စဉ် သုညဒသမ ၂၅ ရာခိုင်နှုန်းသာ မြင့်တက်နေချိန်တွင် ၂၀၁၇ ခုနှစ်နောက်ပိုင်းအထိ ငွေကြေးဖောင်းပွမှုနှုန်းက ၁ ဒသမ ၂ ရာခိုင်နှုန်းရှိနေခြင်းကို ဒေါသထွက်ခဲ့ကြသည်။ အစဉ်အလာအားဖြင့် အဆိုပါ ပင်စင်စားများ၏ ထောက်ခံမှု ရရှိထားသော ရာဂျွိုင်း၏ Popular Party သည် ယခုဆန္ဒပြမှုကြောင့် စိုးရိမ်စရာဖြစ်စေခဲ့သည်။

ရာဂျွိုင်းက သူသည် အလုပ်အကိုင်များ တိုးတက်စေရန် အာရုံစိုက်နေချိန်တွင် အစိုးရက ဖြစ်နိုင်ခြေရှိသော တိုးတက်မှုများအား ပေးအပ်နိုင်ရန် မလုပ်ဆောင်နိုင်သေးမီ စပိန်ပြည်သူများသည် အသုံးစရိတ် ပြောင်းလဲပြင်ဆင်မှုများ ပြုလုပ်ပြီးသည်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပိန်သည် ဥရောပတွင် ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်နေသော်လည်း အစိုးရသည် ဥရောပသမဂ္ဂက ချမှတ်ထားသည့် အသုံးစရိတ်လမ်းညွှန်ချက်များအတွင်း ဘောင်ဝင်နိုင်စေရန်အတွက် ဆက်လက်လုပ်ဆောင်နေသည်။ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း စပိန်တွင် ပင်စင်အတွက် အစိုးရအသုံးစရိတ်သည် ၂၁ ဒသမ ၆ ရာခိုင်နှုန်းမှ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ Eurostat ၏ အချက်အလက်များအရ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် နေထိုင်သည့် ဒေသခံ ၂၈ ဒသမ ၇ ရာခိုင်နှုန်းသည် ၂၀၈၀ ပြည့်နှစ်မတိုင်မီ အသက် ၆၅ နှစ်ကျော်ဖြစ်လာမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်က ၁၈ ဒသမ ၉ ရာခိုင်နှုန်းထက် မြင့်တက်လာမည်ဖြစ်သည်။

Ref: AFP

Most Read

Most Recent