ထိုင်းကားအစိတ်အပိုင်း ထုတ်လုပ်သည့် ကုမ္ပဏီအား ဆက်ခံမည့်သူက ပါတီသစ်ထောင်ပြီး နိုင်ငံရေးစိတ်ဝမ်းကွဲမှုအား ကုစားမည်ဟု ကတိပြု

ထိုင်းကားအစိတ်အပိုင်း ထုတ်လုပ်သည့် ကုမ္ပဏီအား ဆက်ခံမည့်သူက ပါတီသစ်ထောင်ပြီး နိုင်ငံရေးစိတ်ဝမ်းကွဲမှုအား ကုစားမည်ဟု ကတိပြု
Published 16 March 2018

မတ် ၁၅ ရက်က ဘန်ကောက်တွင် ပါတီသစ်မိတ်ဆက်ပွဲ၌ Thanathorn (ဝဲ)နှင့် ပူးတွဲထူထောင်သူတို့က စကားပြောနေစဉ် (Photo: AFP)

အစဉ်အလာပါတီများမှ အခြားရွေးချယ်စရာအဖြစ် ထိုင်း၏အကြီးဆုံး ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီ၏မျိုးဆက်က မြို့တော်ဘန်ကောက်တွင် မတ် ၁၅ ရက်၌ နိုင်ငံရေးပါတီသစ် ထူထောင်ခဲ့ပြီး နိုင်ငံရေးအရ အလွန်အမင်း စိတ်ဝမ်းကွဲနေမှုကို ကုစားပေးမည်ဟု ကတိပြုခဲ့သည်။ ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် Thai Summit Group ၏ ဒုတိယအမှုဆောင်ဥက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးဖြစ်သူ အသက် ၃၉ နှစ်ရှိ Thanathorn Juangroongruangkit က ဘန်ကောက်ရှိ အလားအလာရှိသော ချိုင်းနားတောင်း၌ Future Forward Party ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

Thanathorn က သူသည် လူငယ် မဲဆန္ဒရှင်များနှင့် မဲပေးခွင့် ရုပ်သိမ်းခံခဲ့ရသည့် နိုင်ငံသားများအား နှစ်သိမ့်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ပါတီသစ်မိတ်ဆက်ပွဲတွင် ၎င်းက “ဒီမိုကရေစီကို အခွင့်အရေးတစ်ခါပေးပါ” ဟု အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။ “သေနတ်တွေနဲ့ အုပ်ချုပ်တာမျိုးကို ကျွန်တော်တို့ မလိုအပ်ပါဘူး” ဟု ၂၀၁၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းမှုအား ရည်ညွှန်းလျက် ၎င်းက ထိုင်းဘာသာဖြင့် ပြောကြားခဲ့သည်။

နိုင်ငံရေးပါတီသစ်များအတွက် မှတ်ပုံတင်မှုကို ထိုင်းရွေးကောက်ပွဲကော်မရှင်က စတင်လက်ခံခဲ့ပြီးနောက်ပိုင်း နှစ်ပတ်အကြာတွင် Thanathorn က ယင်းပါတီသစ်ကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးပါတီသစ်များအား မှတ်ပုံတင်မှုကို ခွင့်ပြုထားသော်လည်း မဲဆွယ်စည်းရုံးခွင့် မရှိသေးပေ။

သတင်းစာများဖြန့်ချိသည့် Matichon Pcl တွင် ၎င်း၏မိသားစုကလည်း အဓိကရှယ်ယာများ ပါဝင်ထားသော Thanathorn က မတ် ၁၄ ရက်တွင် Matichon ၏ ဘုတ်အဖွဲ့မှ နုတ်ထွက်ခဲ့သော်လည်း ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် Thai Summit ၏ ဘုတ်အဖွဲ့တွင်မူ ပါဝင်နေဦးမည်ဖြစ်သည်။

အချို့ကမူ ၎င်းတို့၏မိသားစုနှင့် သက်ဆင်တို့အကြား ဆက်နွှယ်မှုကို မေးခွန်းထုတ်ခဲ့ကြသည်။ Thanathorn ၏ဦးလေးဖြစ်သူ Suriya Juangroongruangkit သည် သက်ဆင်၏ ယခုအခါ ဖျက်သိမ်းခံခဲ့ရပြီးဖြစ်သော Thai Rak Thai ပါတီတွင် ထိပ်တန်းရာထူး အများအပြားကို ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ Thanathorn သည် “နောက်ထပ်သက်ဆင်” တစ်ဦးအဖြစ် ခိုင်းနှိုင်းခံခဲ့ရသော်လည်း ၎င်းကရှိဆဲ မည်သည့်အုပ်စုနှင့်မျှ ရပ်တည်မည်မဟုတ်ဘဲ ကိုယ်ပိုင်ရပ်တည်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Thanathorn က ပါတီပူးတွဲထူထောင်သူများကို မတ် ၁၅ ရက်တွင် ကြေညာခဲ့ပြီး ဇာတ်ကားထုတ်လုပ်သူတစ်ဦး၊ LGBT အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူအချို့တို့ ပါဝင်ကြောင်း သိရသည်။ ပါတီပူးတွဲထူထောင်သူတစ်ဦးဖြစ်သော ဘန်ကောက်ရှိ သမားဆက်တက္ကသိုလ်မှ ဥပဒေကထိကတစ်ဦးဖြစ်သူ Piyabutr Saengkanokkul က ၎င်းတို့၏ပါတီသည် ထိုင်းနိုင်ငံရေးကွဲပြားမှုအား ကျော်လွှားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ထိုပါတီသစ်သည် အောက်ခြေမဲဆန္ဒရှင်များအား စည်းရုံးနိုင်ရန် ခက်ခဲလိမ့်မည်ဟု လေ့လာသူအချို့က သုံးသပ်ထားကြသည်။

Ref: Reuters

Most Read

Most Recent