Google ကို ပူးတွဲတည်ထောင်သူ လာရီပေ့ချ်က နယူးဇီလန်တွင် မောင်းသူမဲ့တက္ကစီယာဉ်ပျံကို စမ်းသပ်

Google ကို ပူးတွဲတည်ထောင်သူ လာရီပေ့ချ်က နယူးဇီလန်တွင် မောင်းသူမဲ့တက္ကစီယာဉ်ပျံကို စမ်းသပ်
Published 15 March 2018

မတ် ၁၃ ရက်တွင် နယူးဇီလန်လေကြောင်းကုမ္ပဏီ Zephyr က Cora လေယာဉ်၏ဓာတ်ပုံကို ထုတ်ပြန်ပေးခဲ့စဉ် (Photo: AFP)

Google ကို ပူးတွဲတည်ထောင်သူ လာရီပေ့ချ်သည် နယူးဇီလန်တွင် မောင်းသူမဲ့တက္ကစီယာဉ်ပျံကို စမ်းသပ်နေပြီး ယင်းကြိုးပမ်းမှုက ပုဂ္ဂလိကသယ်ယူပို့ဆောင်မှုကို အသွင်ပြောင်းလဲစေမည်ဖြစ်သည်။ လာရီပေ့ချ်၏ကုမ္ပဏီ Kitty Hawk သည် အနာဂတ်မျှော်မောင်းသူမဲ့ အငှားယာဉ်ပျံကို တည်ဆောက်စမ်းသပ်နေခြင်းဖြစ်သည်။

Cora ဟုသိကြသော လျှပ်စစ်လေယာဉ်သည် ရဟတ်ယာဉ်ကဲ့သို့ ထောင်လိုက်အတက်အဆင်း ပျံသန်းနိုင်မည်ဖြစ်သည်။ ထို့ပြင် Cora သည် ပို၍အသံတိတ်ဆိတ်ပြီး မြို့ပြသယ်ယူပို့ဆောင်ရေးတွင် ခေါင်မိုးများနှင့် ကားရပ်နားရာနေရာတို့၌ အတက်အဆင်း ပြုလုပ်နိုင်သည့် ယာဉ်ပျံဖြစ်မည်ဖြစ်ကြောင်း တည်ဆောက်သူများက ပြောကြားထားသည်။

Cora ၏ နာမူနာပုံစံတူကို နယူးဇီလန်၏တောင်ဘက်ကျွန်းတွင် စမ်းသပ်နေကြောင်း လေယာဉ်ပျံသန်းမှုလမ်းကြောင်းကို တွက်ချက်ရန် ယာဉ်ပေါ်၌ ကွန်ပျူတာသုံးခုတပ်ဆင်ထားပြီး ယင်းယာဉ်ပျံသည် ခရီးသည်နှစ်ဦး တင်ဆောင်နိုင်ကြောင်း သိရသည်။ လေယာဉ်ပေါ်ပါသော ကွန်ပျူတာများသည် ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် ရည်ရွယ်ထားပြီး အမှားအယွင်း တစ်စုံတစ်ရာဖြစ်ခဲ့ပါက လေယာဉ်သည် လေထီးကိုချပေးနိုင်မည်ဖြစ်သည်။ တက္ကစီယာဉ်ပျံကို စမ်းသပ်မှုများသည် ခြောက်နှစ်ကြာနိုင်သည်ဟု ဆိုသည်။ လာရီပေ့ချ်၏ကုမ္ပဏီသည် Kitty Hawk Flyer ဟုအမည်ပေးထားသော ကိုယ်ပိုင်လေယာဉ်တစ်မျိုးကို တည်ဆောက်နေပြီး ယမန်နှစ်က အမေရိကန်တွင် မိတ်ဆက်ပြသထားသည်။

Most Read

Most Recent