ဂျာမနီပါလီမန်က ဝန်ကြီးချုပ် မာကယ်အား စတုတ္ထမြောက်သက်တမ်းအတွက် ရွေးချယ်

ဂျာမနီပါလီမန်က ဝန်ကြီးချုပ် မာကယ်အား စတုတ္ထမြောက်သက်တမ်းအတွက် ရွေးချယ်
Published 15 March 2018

မတ် ၁၄ ရက်က ဘာလင်ရှိ အောက်လွှတ်တော်၌ ဂျာမနီဝန်ကြီးချုပ် မာကယ်(လယ်)အား တွေ့ရစဉ် (Photo: AFP)

ဥရောပအင်အားအကြီးဆုံးစီးပွားရေး ဂျာမနီတွင် ဝန်ကြီးချုပ် အင်ဂျလာမာကယ်သည် ရွေးကောက်ပွဲအလွန်၌ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန် နှစ်ဝက်ခန့် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပြီးနောက် ဂျာမနီပါလီမန်က ၎င်းအား စတုတ္ထမြောက်နှင့် နောက်ဆုံးဖြစ်နိုင်ခြေရှိသည့် ဝန်ကြီးချုပ်သက်တမ်းအတွက် မတ် ၁၄ ရက်တွင် ရွေးချယ်ခဲ့သည်။

မြို့တော်ဘာလင်ရှိ ပါလီမန် Reichstag တွင် မဲခွဲမှု၌ ထောက်ခံမဲ ၃၆၄ မဲ၊ ဆန့်ကျင်မဲ ၃၁၅ မဲနှင့် ပျက်ကွက်မဲကိုးမဲတို့ဖြင့် မာကယ်အား ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပြီး မာကယ်အား သမ္မတ ဖရန့်ဝေါလ်တာ စတိုင်းမိုင်ယာက ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်မည်ဖြစ်သည်။

ဝါရင့်ခေါင်းဆောင်မာကယ်အတွက် ယခုအခမ်းအနားသည် ၎င်း၏ဝန်ကြီးချုပ်သက်တမ်း ၁၂ နှစ်အတွင်း အနက်ရှိုင်းဆုံးပဋိပက္ခဖြစ်သည့် ရွေးကောက်ပွဲအလွန်၌ ရှည်ကြာသောနိုင်ငံရေးဆိုင်ရာ လိပ်ခဲတည်းလည်းအခြေအနေကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။ ပြီးခဲ့သော စက်တင်ဘာရွေးကောက်ပွဲတွင် လက်ယာယိမ်းအများကြိုက်ဝါဒီများက အားကောင်းမှုကြောင့် အဓိကနိုင်ငံရေးပါတီများကို အားလျော့စေခဲ့ကာ မာကယ်၏ အာဏာရညွန့်ပေါင်းကလည်း အမတ်နေရာအများစုရရှိထားမှုကို ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် မာကယ်သည် ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) နှင့် နောက်ထပ်ညွန့်ပေါင်းအစိုးရဖွဲ့ရန် ဖိအားကြုံခဲ့သည်။

ဂျာမနီတွင် Groko ဟု အမည်ပြောင်ပေးခံထားရသော ယင်းညွန့်ပေါင်းအစိုးရသည် ၂၀၂၁ ခုနှစ်အထိ ပူးတွဲအုပ်ချုပ်သွားမည်ဟု အခိုင်အမာဆိုထားသော်လည်း ၎င်းတို့၏ သဘောတူညီချက်သည် သက်တမ်းလယ်၌ပင် ကျိုးပျက်သွားနိုင်သည့် အနေအထားအတွက် စိုးရိမ်မှုများကိုပပျောက်စေရန် ကြိုးပမ်းရမည်ဖြစ်သည်။

၎င်း၏ ညွန့်ပေါင်းအစိုးရအဖွဲ့သစ်တွင် NLD ပါတီက အလွန်အမင်းအရေးပါသော ဘဏ္ဍာရေးနှင့် နိုင်ငံခြားရေးဝန်ကြီးရာထူးများကို ရရှိမည်ဖြစ်သည်။

ဥရောပနှင့် ကမ္ဘာတစ်ဝန်းက စောင့်ကြည့်ခဲ့ရသည့် ခြောက်လကြာမြင့်ခဲ့သော ဂျာမနီနိုင်ငံရေး အကျပ်အတည်းအပြီး မတ် ၂၂ နှင့် ၂၃ ရက်တို့တွင်ကျင်းပရန် စီစဉ်ထားသော ထိပ်သီးမတိုင်မီ မာကယ်သည် မတ် ၁၆ ရက်တွင် ပါရီသို့သွားရောက်၍ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် တွေ့ဆုံကာ ဥရောပသမဂ္ဂ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ဆွေးနွေးမည်ဖြစ်သည်။

ဥရောပသမဂ္ဂအား အားသစ်ပြန်လောင်းရန်နှင့် အနောက်ဒီမိုကရေစီနိုင်ငံများတွင် အစွန်းရောက်များနှင့် အများကြိုက်ဝါဒီများ အားကောင်းလာမှုများကို တန်ပြန်ရန်ပါဝင်သော မက်ခရွန်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို မာကယ်၏ ညွန့်ပေါင်းအစိုးရသစ်က ကြိုဆိုခဲ့သည်။ နေတိုးအဖွဲ့အား ဝေဖန်ခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲမည်ဟု အမေရိကန်သမ္မတက ခြိမ်းခြောက်ထားခဲ့ပြီးနောက် ဥရောပသမဂ္ဂသည် ကိုယ်ကျိုးစီးပွားအား ကာကွယ်မှုကို တိုးမြှင့်သင့်ကြောင်း မာကယ်က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် ကာကွယ်ရေး၊ ရွှေ့ပြောင်းအခြေချမှုနှင့် ဥရောပငွေကြေးရန်ပုံငွေအဖွဲ့ ထူထောင်ရန် ကဲ့သို့သော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ကြရန် မာကယ်က တိုက်တွန်းထားသည်။

Most Read

Most Recent