အိုဘားမားက ရုပ်သံအစီအစဉ် ထုတ်လုပ်ရန် Netflix နှင့် ဆွေးနွေးနေ

အိုဘားမားက ရုပ်သံအစီအစဉ် ထုတ်လုပ်ရန် Netflix နှင့် ဆွေးနွေးနေ
Published 11 March 2018

၂၀၁၇ ခုနှစ် အောက်တို ၁၃ ရက်က ချီကာဂိုတွင် အိုဘားမားဖောင်ဒေးရှင်းထိပ်သီး၏ ပထမဆုံးအစည်းအဝေး၌ သမ္မတဟောင်း အိုဘားမားဇနီးမောင်နှံကို တွေ့ရစဉ် (Photo - AF)

အမေရိကန်သမ္မတဟောင်းဘာရက် အိုဘားမားက ရုပ်သံအစီအစဉ်ထုတ်လုပ်ရန် Netflix နှင့် ဆွေးနွေးနေသည်ဟု အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။

အိုဘားမားနှင့် သမ္မတကတော်ဟောင်း မီရှဲလ်အိုဘားမားတို့သည် Netflix အတွက် အထူးသီးသန့်အကြောင်းအရာကို စီစဉ်ပေးမည်ဖြစ်ကြောင်း၊ တင်ဆက်မှုနှင့် ပြသမည့် အရေအတွက်ကို ယခုအချိန်ထိ မဆုံးဖြတ်ရ သေးကြောင်း ယင်းဆွေးနွေးမှုနှင့်ရင်းနှီးသည့် သတင်းရင်းမြစ်များ၏ ပြောစကားကို နယူးယောက်တိုင်းမ်က ကိုးကားဖော်ပြခဲ့သည်။ Netflix က ယင်းအကြောင်းအရာကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

မည်သည့်အချိန်တွင်မဆို ကြည့်ရှုနိုင်သော အွန်လိုင်းရုပ်သံဝန်ဆောင်မှုတွင် ဦးဆောင်နေသော Netflix က ကျန်းမာရေး စောင့်ရှောက်မှု၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးရာမူဝါဒနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကဲ့သို့သော  အိုဘားမား၏ သမ္မတသက်တမ်းအတွင်း ထင်ရှားခဲ့သည့် အကြောင်းအရာများကို တင်ဆက်ရန် အလားအလာရှိသည်ဟု နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။ ထို့အပြင် မီရှဲလ်အိုဘားမား၏ အစာအာဟာရအကြောင်းနှင့် သမ္မတကတော်အဖြစ် အိမ်ဖြူတော်တွင်  ရပ်တည်ခဲ့ရသည့် အကြောင်းအရာများကိုလည်း တင်ဆက်နိုင်ခြေရှိသည်ဟုလည်း ဖော်ပြခဲ့သည်။

တင်ဆက်မှုပုံစံသည် talk – show ပုံစံ သို့မဟုတ် မှတ်တမ်းရုပ်ရှင်ထုတ်လုပ်မှုမျိုး ဖြစ်နိုင်သည်။ အိုဘားမားသည် လက်ရှိ သမ္မတဒေါ်နယ်ထရန့် (သို့မဟုတ်) အခြား ဝေဖန်သူများကို တိုက်ရိုက်တုံ့ပြန်ရန်အတွက် ရုပ်သံအစီအစဉ်များကို အသုံးချရန် အစီအစဉ်မရှိသော်လည်း ယင်းအစား စိတ်ဓာတ်မြှင့်တင်ရေး ဇာတ်လမ်းများကို ပြသရန် ရည်ရွယ်ကြောင်း နယူးယောက်တိုင်းမ်တွင် ဖော်ပြချက်အရ သိရသည်။

ယမန်နှစ်အကုန်တွင် လစဉ်ကြေးပေးသွင်း၍ ကြည့်ရှုသူ သန်း ၁၁၀ ကျော်အပါ အဝင် အသုံးပြုသူ ၁၁၇ သန်းခန့်ရှိခဲ့သည်ဟု Netflix က ထုတ်ပြန်ခဲ့သည်။ Netflix သည် ရုပ်ရှင်နှင့် ရုပ်သံထူးချွန်ဆုပေးပွဲများတွင် ဆုများသိမ်းပိုက်ခဲ့ခြင်းက ရုပ်သံနှင့် ရုပ်ရှင်လုပ်ငန်းများကို လှုပ်ခတ်စေခဲ့သည်။ Netflix ကို ကမ္ဘာတစ်ဝန်းဈေးကွက် ၂၀၀ ခန့်တွင် အသုံးပြုနိုင်ပြီး ဘာသာစကားများစွာဖြင့် အစီအစဉ်များကို  ထုတ်လုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ရုပ်သံအစီအစဉ်နှင့် ထုတ်လုပ်မှုများအတွက် ဒေါ်လာ ၇ ဒသမ ၅ ဘီလျံနှင့် ရှစ်ဘီလျံအတွင်း အသုံးပြုရန် မျှော်မှန်းထားသည်ဟု   Netflix က ထုတ်ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent