စစ်ဒဏ်ကြောင့် ပျက်စီးနေသည့် ဂိုတာထဲသို့ အကူအညီပေးရေးယာဉ်တန်း ဝင်ရောက်လာ

စစ်ဒဏ်ကြောင့် ပျက်စီးနေသည့် ဂိုတာထဲသို့ အကူအညီပေးရေးယာဉ်တန်း ဝင်ရောက်လာ
Published 11 March 2018

မတ် ၉ ရက်က အရှေ့ဂိုတာရှိ ဒိုမာမြို့တွင် ဆီးရီးယားကြက်ခြေနီအဖွဲ့၏ အကူအညီများ တင်ဆောင်ထားသည့် ထရပ်ကားတစ်စီးကို တွေ့ရစဉ် (Photo - AFP)

ဆီးရီးယားစစ်တပ်သည် မတ် ၁၀ ရက်က သူပုန်တို့ ထိန်းချုပ်ထားသောအရှေ့ဘက် ဂိုတာဒေသထဲတွင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ ယင်းမတိုင်မီ တစ်ရက်ကပင် အကူအညီပေးရေး ယာဉ်တန်းတစ်ခုသည် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေသည့်ကြားမှ ဆာလောင်မွတ်သိပ်နေသော အရှေ့ပိုင်းဂိုတာထဲရှိ ဒေသခံများအတွက် စားနပ်ရိက္ခာများ ဝေငှပေးခဲ့သေးသည်။

မြို့တော်ဒမတ်စကတ်အနီးမှ သူပုန်တို့ ထိန်းချုပ်ထားနိုင်သော နောက်ဆုံးနေရာဖြစ်သည့် အရှေ့ပိုင်းဂိုတာကို ပြန်လည်သိမ်းပိုက်ရန် ဆီးရီးယားအစိုးရတပ်များသည် ရုရှားတပ်များ၏ အကူအညီဖြင့် ဖေဖော်ဝါရီ ၁၈ ရက်ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ကြသည်။ ထိုအချိန်မှစပြီး သေဆုံးခဲ့သည့် အရပ်သားဦးရေမှာ ၉၅၀ ရှိပြီဖြစ်ပြီး အစိုးရတပ်များကလည်း ထိုဒေသ၏ ထက်ဝက်ကျော်ကို ပြန်လည်သိမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

တိုက်ခိုက်ရေးသမား ၁၃ ဦးနှင့်၎င်းတို့၏ မိသားစုဝင်များကို သယ်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် အယ်ဝါဖီဒန် စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ပြီး ဂိုတာထဲမှ ထွက်သွားသည်ကို ဆီးရီးယားအစိုးရရုပ်သံမှ ပြသခဲ့သည်။ သို့သော်ထိုတိုက်ခိုက်ရေး သမားများသည် မည်သည့်အဖွဲ့အစည်းမှ ဖြစ်သည်ကိုမူ မဖော်ပြခဲ့ပေ။

ကုလသမဂ္ဂအပါအဝင် အခြားကမ္ဘာ့ နိုင်ငံများနှင့် ဆွေးနွေးမှုများအပြီး၌ ချမှတ်ခဲ့သည့် စီစဉ်မှုအရ HTS  တိုက်ခိုက်ရေးသမားများသည် နိုင်ငံမြောက်ပိုင်းရှိ အိုင်ဒလစ်ပြည်နယ်သို့ ရွှေ့ပြောင်းတော့မည်ဖြစ်ကြောင်း သြဇာကြီး အစ္စလာမ္မစ်အဖွဲ့ဖြစ်သည့် ဂျာရစ်အယ် -အစ္စလာမ်က ထုတ်ပြန်ခဲ့သည်။ “ဂျာရစ်အယ်-အစ္စလာမ်ရဲ့ ထောင်တွေထဲမှာရှိတဲ့ HTS  တိုက်ခိုက်ရေးသမားတွေထဲက ပထမအသုတ်ကို လွှတ်ပေးဖို့ သဘောတူထားပါတယ်” ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

ဂိုတာထဲတွင် ဂျာရစ်အယ်-အစ္စလာမ် အစရှိသည့် အစ္စလာမ္မစ်အဖွဲ့များအပြင် အယ်ကေးဒါများနှင့် အများအားဖြင့် ဆက်နွှယ်မှုရှိသော HTS မှ ဂျီဟတ်များလည်း ရှိကြသည်။

အရပ်သားများမှာမူ အကြမ်းဖက်တိုက်ခိုက်မှုများ၏ဒဏ်ကို ဆက်လက်ခံနေရဆဲဖြစ်ပြီး မတ် ၉ ရက်က ဂျီစရန်ဒေသ၌ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့် အဖွဲ့က ဆိုသည်။ ထိုစဉ် ရိက္ခာထုပ် ၂၄၀၀ ကို သယ်ဆောင်လာသော ထရပ်ကား ၁၃ စီးသည် အရှေ့ဘက်ဂိုတာဒေသထဲသို့ ရောက်ရှိလာခဲ့ကြသည်ဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ခဲ့သည်။ သို့သော်အဓိကမြို့ ဒိုမာအနီးတွင် ပစ်ခတ်မှုများကြောင့် အကူအညီပေးရေးယာဉ်တန်းအတွက် အန္တရာယ်ရှိနေသည်ဟု သိရသည်။

သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ ဒိုမာမြို့တွင် စစ်လေယာဉ်များ က ဗုံးကြဲနေပြီး ရဟတ်ယာဉ်များက ဝေဟင်၌ ဝဲနေကြစဉ် အကူအညီများကို ဝေငှခဲ့ရသည်ဟု သိရသည်။

ဂိုတာထဲမှ ဟမ်မူရီယာမြို့တွင်မူ လူဒါဇင်ပေါင်းများစွာသည် သွေးချောင်းစီးထိုးစစ်များကို ရပ်တန့်ရန် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။ ထိုမြို့မှ အရပ်သားညှိနှိုင်းသူ တစ်ဦးသည် ထိုဒေသအားတိုက်ခိုက်မှု ရပ်ဆိုင်းရန် အစိုးရနှင့် ဆွေးနွေးလိုနေသည်ဟု သိရသည်။

Ref ; AFP

Most Read

Most Recent