ထရန့်နှင့် ကင်ဂျုံအွန်တို့ မေလကုန်တွင် သမိုင်းဝင်တွေ့ဆုံပွဲပြုလုပ်မည်

ထရန့်နှင့် ကင်ဂျုံအွန်တို့ မေလကုန်တွင် သမိုင်းဝင်တွေ့ဆုံပွဲပြုလုပ်မည်
Published 10 March 2018

အမေရိကန်သမ္မတ ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ သတင်းကို မတ် ၉ ရက်က ဆိုးလ်ရှိ ဘူတာရုံတစ်ရုံတွင် ထုတ်လွှင့်နေစဉ် (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် သမိုင်းဝင်ဆွေးနွေးပွဲလုပ်ရန် သဘောတူလိုက်သည်ဟု သိရသည်။ ယင်းသည်  မြောက်ကိုရီးယားနှင့် လိပ်ခဲတည်းလည်း အခြေအနေအတွက် အမေရိကန်၏ လောင်းကြေးများသော အသက်ရှူမှားလောက်စရာ တိုးတက်မှုဖြစ်လာခဲ့သည်။

အမေရိကန်သမ္မတတစ်ဦးနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံကြမည့်အကြောင်းကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး ချန်အီယောင်က အိမ်ဖြူတော်အရှေ့တွင် ကြေညာသွားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ပြောကြားချက်အရ ထိုတွေ့ဆုံမှုသည် မေလကုန်လောက်၌ ဖြစ်လိမ့်မည်ဟု ယူဆရသည်။

ချန်သည် မကြာသေးမီကမှ ကင်ဂျုံအွန်နှင့် တွေ့ပြီး မြောက်ကိုရီးယားမှ ပြန်လာသူ ဖြစ်သည်။ ကင်သည် သမ္မတထရန့်နှင့် ဖြစ်နိုင်သမျှအမြန်ဆုံးတွေ့နိုင်ရန် စိတ်အားထက်သန်နေသည်ဟုလည်း ချန်က ပြောကြားသွားခဲ့သည်။ ထရန့်ကလည်း မြောက်ကိုရီးယားကို နျူကလီးယား လက်နက်အစီအစဉ်အား လက်လျှော့သွားစေရန် ဆွဲဆောင်နိုင်ခြင်းသည် ကြီးမားသည့် တိုးတက်မှုကြီးဟုပြောကာ ကြိုဆိုခဲ့သည်။

“တွေ့ဆုံမှုအတွက် စီစဉ်နေပါပြီ။ကင်ဂျုံအွန်ဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် တောင်ကိုရီးယားကိုယ်စားလှယ်တွေနဲ့ ပြောခဲ့ပါတယ်။ ရပ်ဆိုင်းတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ အခုကာလအတွင်းမှာ မြောက်ကိုရီးယားဘက်က ဒုံးကျည် စမ်းသပ်မှုတွေလည်း ရှိမှာမဟုတ်ပါဘူး” ဟု ထရန့်က Twitter တွင် ရေးသားခဲ့သည်။ “ကြီးမားတဲ့ တိုးတက်မှုကြီးကို လုပ်နိုင်ခဲ့ပေမဲ့ သဘောတူညီမှု မရသေးမီအချိန်အထိ ပိတ်ဆို့အရေးယူမှုတွေကတော့ ချမှတ်ထားဦးမှာ ဖြစ်ပါတယ်” ဟုလည်း ထရန့်က ရေးသားခဲ့သည်။

ယခင်ကလည်း မြောက်ကိုရီးယား ခေါင်းဆောင်များသည် ခေတ်အဆက်ဆက် အမေရိကန်သမ္မတများနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အမေရိကန်သမ္မတများက ယင်းသည်အမှန် တကယ်မရှိသော မဟာဗျူဟာအရ တန်းတူခံစားခွင့်ကိုရရှိရန် ကြိုးပမ်းမှုဟု ခေါ်ဆိုကာ ခါးခါးသီးသီးပင် ငြင်းဆန်ခဲ့ကြသည်။ လက်ရှိတွင်မူ မြောက်ကိုရီးယားသည် ၎င်း၏ရည်မှန်းချက်ကို ပြည့်မြောက်သွားဖွယ်ရှိသည်။ တစ်ဖက်တွင်လည်း နျူကလီးယားစမ်းသပ်မှုများကို ယာယီသာဆိုင်းငံ့ထားရမည်ဖြစ်သည်။

ထရန့်အတွက်မူ ယခုဆွေးနွေးပွဲသည် အန္တရာယ်များသော ကစားကွက်တစ်ခု ဖြစ်နေသည်။ ကင်၏ ဖခင်ကင်ဂျုံအီသည်လည်း အရေးယူပိတ်ဆို့မှုများကို လျော့ကျစေရန်၊ တောင်ကိုရီးယားကို ၎င်း၏ မဟာမိတ်များနှင့် သွေးခွဲရန်တို့အတွက် ဆွေးနွေးပွဲနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရန် ဖြစ်နိုင်ခြေ များကို မက်လုံးပေးခဲ့သေးသည်။

မည်သို့ပင်ဖြစ်စေ မြောက်ကိုရီးယား နှင့် တွေ့ဆုံရန် ထရန့်၏ ဆုံးဖြတ်ချက်သည် ကွန်မြူနစ်တရုတ်နိုင်ငံသို့ ရစ်ချက်နစ်ဆင်၏ခရီး (သို့) ဘာရက်အိုဘားမား၏ ကျူးဘားသို့ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ခြင်း အစရှိသော သမိုင်းတင်လောက်သည့် ဖြစ်စဉ်များကိုလည်း ထပ်မံ ပဲ့တင်ထပ်လာနိုင်ခြေ ရှိနေသည်။

မြောက်ကိုရီးယားက ၎င်းတို့ကိုဦးတည်သည့် စစ်ရေးခြိမ်းခြောက်မှုများ ရှင်းလင်းသွားပြီး ၎င်းတို့နိုင်ငံ၏ လုံခြုံရေးမှာ အာမခံရရှိပါက နျူကလီးယားလက်နက်ကို ဆက်လက်ကိုင်စွဲရန်အကြောင်းမရှိတော့ကြောင်း ပြောခဲ့သည်ဟု တောင်ကိုရီးယားက ဆိုသည်။ မြောက်ကိုရီးယားက ယခင်က ပြောခဲ့ဖူးသည့် လုံခြုံရေးအာမခံချက်ဆိုသည်မှာ ကိုရီးယားကျွန်းဆွယ်ပေါ်မှ အမေရိကန်တပ်များ ထွက်ခွာသွားရေးနှင့် တောင်ကိုရီးယားနှင့် အပြန်အလှန် ကာကွယ်ရေး သဘောတူညီချက်အား အဆုံးသတ်ရေးတို့ကို ဆိုလိုခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးကို အမေရိကန်နှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလိုကြောင်း၊ ဆွေးနွေးပွဲကျင်းပနေချိန်တွင် ဒုံးကျည်နှင့် နျူက လီးယားလက်နက်စမ်းသပ်မှုများကို ရပ်ဆိုင်းထားမည့်အကြောင်း မြောက်ကိုရီးယား တို့နှင့် ဆွေးနွေးပြီးပြန်လာသောချန်က ပြောကြားခဲ့သည်။ လာမည့်လတွင်ကိုရီးယားနှစ်နိုင်ငံသည်လည်း စစ်မဲ့ဇုန်ထဲ၌ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပကြဦးမည်ဖြစ်သည်။

လေ့လာသူများကမူ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးသည် မြောက်ကိုရီးယားအတွက် အောင်ပွဲဖြစ်သည်ဟုဆိုကာ ပြစ်တင်ခဲ့ကြသည်။

“ဒီလိုဆွေးနွေးလိုက်တဲ့အတွက် ကင်ဂျုံအွန်ကို အမေရိကန်သမ္မတနဲ့တန်းတူ အခြေအနေ ပေးလိုက်သလိုဖြစ်သွားပါတယ်။ ဒါ့အပြင် နျူကလီးယားအင်အားကြီးနိုင်ငံအဖြစ် သတ်မှတ်ခံရဖို့ မြောက်ကိုရီးယားရဲ့ ကြိုးပမ်းမှုကိုလည်း ပိုပြီး အင်အားကောင်းသွားစေပါလိမ့်မယ်” ဟု အိုဘားမား၏ အာရှရေးရာအကြံပေးဖြစ်သည့် အီဗန်မီဒီရီရို က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသည် မြောက်ကိုရီးယား၏ နျူကလီးယားဖျက်သိမ်းမှုကို ဦးတည်စေမည် မဟုတ်ဘဲ ကင်အစိုးရ၏ တရားဝင်ဖြစ်မှု၊ အရေးပါမှုကိုသာ ပို၍ကြီးထွားစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသွားခဲ့သည်။

Middlebury Institute of Strategic Studies မှ အရှေ့အာရှနျူမပြန့်ပွားရေး အစီအစဉ် ဦးဆောင်သူ ဂျဖရီလူးဝစ်ကမူ ထရန့်သည် ကင်၏ ကြိုးဆွဲရာအတိုင်း ကနေရသည်ဟု ဆိုခဲ့သည်။

 

 

Most Read

Most Recent