Uber က အရှေ့တောင်အာရှလုပ်ငန်းများကို ပြိုင်ဘက် Grab ထံရောင်းချမည်ဟု သတင်းထွက်

Uber က အရှေ့တောင်အာရှလုပ်ငန်းများကို ပြိုင်ဘက် Grab ထံရောင်းချမည်ဟု သတင်းထွက်
Published 10 March 2018

Photo : AP

Uber သည် အရှေ့တောင်အာရှလုပ်ငန်းများကို ပြိုင်ဘက်ကုမ္ပဏီ Grab ထံ ရောင်းချနေကြောင်း ဝေါစထရိဂျာနယ်နှင့် ဘလွန်းဘတ်တို့က ဖော်ပြခဲ့သည်။ Grab သည် အရှေ့တောင်အာရှဈေးကွက်များ၌ Uber ၏ဈေးကွက်များကို ဝယ်ယူနေပြီး သဘောတူညီချက်အရ Uber သည် ပြိုင်ဘက်၏လုပ်ငန်းတွင် ရှယ်ယာဝေစုရရှိမည် ဖြစ်ကြောင်း သတင်းများက ဆိုခဲ့သည်။

Uber သည် ရှယ်ယာဝေစု၏ ပမာဏသည် ရာခိုင်နှုန်း ၂၀ မှရာခိုင်နှုန်း ၃၀ ကျော် အထိရှိနိုင်ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များကို ကိုးကားပြီး ဘလွန်းဘတ်နှင့် ဝေါစထရိတို့က ဖော်ပြခဲ့သည်။

အေအက်ဖ်ပီက ယင်းသတင်းနှင်ပတ်သက်၍ Uber ကို မေးမြန်းခဲ့သော်လည်း Uber က မတုံ့ပြန်ခဲ့ပေ။ စမတ်ဖုန်းမှတစ်ဆင့် ကားလှမ်းငှားနိုင်သော လုပ်ငန်းတွင် Uber သည် အာရှ၌ ပြင်းထန်သည့်ပြိုင်ဆိုင်မှုနှင့်  ကြုံတွေ့နေရသည်။ စင်ကာပူအခြေစိုက် Grab နှင့် ယှဉ်ပြိုင်နေရရုံသာမက အိန္ဒိယတွင် Ola ၊ တရုတ်ပြိုင်ဘက် Didi Chuxing တို့နှင့်လည်း ယှဉ်ပြိုင်နေရသည်။ ဂျပန်ဘဏ္ဍာရေးလုပ်ငန်းကြီး Softbank သည် Uber ၊ Didi ၊ Ola နှင့် Grab တို့တွင် ဒေါ်လာ ဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံထားသည်။

Didi နှင့် Uber သည် ၂၀၁၆ ခုနှစ်အထိ တရုတ်ဈေးကွက်တွင် ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံးတွင် ကုမ္ပဏီချင်းပူးပေါင်းမှု သဘောတူညီမှုနှင့်အတူ ပြိုင်ဆိုင်မှုအဆုံးသတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Grab သည် ဒေသတွင်း၌ လုပ်ငန်းတိုးချဲ့နေသည်။ ၂၀၂၅ ခုနှစ်မတိုင်မီတွင် ငါးဆကျော်ပို၍တိုးတက်လာမည်ဟု ခန့်မှန်းထားသော အရှေ့တောင်အာရှ၏ အွန်လိုင်း ကားငှားရမ်းမှုဈေးကွက်အတွက် ပြိုင်ဆိုင်မှုသည် ပြင်းထန်နေသည်။

Most Read

Most Recent