ကမ္ဘာတစ်ဝန်းမှ မွတ်စလင်များ အာဖဂန်သို့ လာရောက်အခြေချရန် IS အဖွဲ့ ဖိတ်ခေါ်

ကမ္ဘာတစ်ဝန်းမှ မွတ်စလင်များ အာဖဂန်သို့ လာရောက်အခြေချရန် IS အဖွဲ့ ဖိတ်ခေါ်
Published 9 March 2018

မတ် ၇ ရက်က ဂျလာလာဘတ်တွင် အသေခံတိုက်ခိုက်မှုဖြစ်ပွားသည့်နေရာအား အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက စစ်ဆေးနေစဉ် (Photo: AFP)

ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များသည် ဆီးရီးယား သို့မဟုတ် အီရတ်တို့သို့ သွားရောက်၍ မရနိုင်ဖြစ်နေချိန်တွင် စစ်ဒဏ်ကြုံနေရသော အာဖဂန်နစ္စတန်သို့ လာရောက် အခြေချကြရန် အာဖဂန်ရှိ IS အဖွဲ့က ဖိတ်ခေါ်ခဲ့သည်။ ၎င်း၏ခြေကုပ်ကို ချဲ့ထွင်ရန် ကြိုးပမ်းနေသည့် Islamic State - Khorasan Province (IS-K) အဖွဲ့က မတ် ၄ ရက်တွင် ထုတ်လွှင့်ခဲ့သည့် ၂၅ မိနစ်ကြာမြင့်သော ဝါဒဖြန့်ဗီဒီယို၌ အာဖဂန်၏မြောက်ပိုင်းနှင့် အရှေ့ပိုင်းသည် ရွှေ့ပြောင်းအခြေချများအတွက် ရွေးချယ်စရာတစ်ခုအဖြစ် IS အဖွဲ့ က ကြော်ငြာထားကြောင်း SITE ထောက်လှမ်းရေးအဖွဲ့က မတ် ၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များသည် အီရတ်နှင့် ရှမ် (ဆီးရီးယား) တို့သို့ ပြောင်းရွှေ့အခြေချရန် အဆင်မပြေပါက ခိုရာဆန်သို့ လာရောက်အခြေချရန် ဖိတ်ခေါ်ကြောင်း ယင်းဗီဒီယို၌ တိုက်ခိုက်ရေးသမားတစ်ဦးက ပြောကြားခဲ့သည်။ ခိုရာဆန်ဟူသော အမည်သည် ခေတ်သစ် အာဖဂန်၊ ပါကစ္စတန်နှင့် အိမ်နီးချင်းနိုင်ငံများ၏ အစိတ်အပိုင်းများပါဝင်သော သမိုင်းဝင်ဒေသတစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်တို့ရှိ စစ်မြေပြင်များမှ ထွက်ပြေးလာသော IS တိုက်ခိုက်ရေးသမားများသည် ၎င်းတို့၏ အဖွဲ့ဝင်အရေအတွက် နည်းပါးစွာရှိသော်လည်း ခိုင်ခိုင်မာမာ ရပ်တည်နိုင်သော အဖွဲ့ရှိသည့် အာဖဂန်သို့ သွားရောက်ရန် ကြိုးပမ်းနေမှုအတွက် စိုးရိမ် မှုများထွက်ပေါ်နေစဉ် ယင်းဗီဒီယိုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားမှ ရောက်ရှိလာသူအချို့ အပါအဝင် ပြင်သစ်နှင့် အယ်ဂျီးရီးယား တိုက်ခိုက်ရေးသမားများသည် အာဖဂန်မြောက်ပိုင်း Jowzjan  ပြည်နယ်ရှိ IS များနှင့် ပူးပေါင်းခဲ့ကြကြောင်း အေအက်ဖ် ပီ၏မကြာသေးမီက သတင်းများတွင် ဖော်ပြခဲ့သည်။

အာရပ်ဘာသာစကားဖြင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်သော ယင်းဗီဒီယို၌ တိုက်ခိုက်ရေးသမားအချို့က ပက်ရှ်တို၊ ပါရှန်နှင့် ဥဇဘက်ဘာသာစကားများဖြင့်လည်း ပြောဆိုခဲ့ကြသည်။ အာဖဂန်ရှိ IS အဖွဲ့အား ချေမှုန်းပစ်မည်ဟု ကြွေးကြော်ထားသည့် အမေရိကန် သမ္မတဒေါ်နယ်ထရန့်ကို ထိုဗီဒီယိုအဖွင့်တွင် လှောင်ပြောင်ထားပြီး အကျဉ်းသားများအား ကွပ်မျက်မှုနှင့် ကလေးစစ်သားများအား လေ့ကျင့်ပေးမှုတို့ကိုလည်း ပြသခဲ့သည်။

IS-K အဖွဲ့သည် ဆီးရီးယားမှ အာဖဂန်သို့ ပြည်ပတိုက်ခိုက်ရေးသမားများ ရွှေ့ပြောင်းနေကြောင်း ကောလာဟလများကို လက်တွေ့ အခြေအနေသို့ ပြောင်းလဲရန် ကြိုးပမ်းနေခဲ့ကြောင်း International Crisis Group မှ ထိပ်တန်းသုတေသီ ဘော်ဟန်အော်စမန်က ပြောကြားခဲ့သည်။

သို့သော် တိုက်ခိုက်ရေးသမားများအား အာဖဂန်ကဲ့သို့ ဝေးလံလှသည့် နိုင်ငံသို့ လာရောက်ရန်အတွက် ဆွဲဆောင်နိုင်ရန်မှာမူ ယင်းအဖွဲ့က ခက်ခက်ခဲခဲကြိုးပမ်းရမည် ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Royal United Services Institute for Defense and Security Studies မှ ထိပ်တန်း သုတေသနအဖွဲ့ဝင် အမ်မလီဝင်းတာဘိုတမ်က ပြောကြားခဲ့သည်။ နေတိုးတပ်ဖွဲ့များကို အာဖဂန်မှ ရုပ်သိမ်းသွားခဲ့ပြီး လုံခြုံရေးတာဝန်များကို အာဖဂန်တပ်များထံ လွှဲပေးခဲ့သည့် ၂၀၁၄ ခုနှစ် တွင် IS အဖွဲ့က အာဖဂန်၌ ပထမဆုံး စတင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent