ဖိလစ်ပိုင်သမ္မတဒူတာတေး၏ မဟာမိတ်များက တရားရုံးချုပ်တရားသူကြီးအား စွပ်စွဲပြစ်တင်မှုအဆိုဖြင့် ဖယ်ရှားရန် ကြိုးပမ်း

ဖိလစ်ပိုင်သမ္မတဒူတာတေး၏ မဟာမိတ်များက တရားရုံးချုပ်တရားသူကြီးအား စွပ်စွဲပြစ်တင်မှုအဆိုဖြင့် ဖယ်ရှားရန် ကြိုးပမ်း
Published 9 March 2018

မတ် ၈ ရက်က မနီလာရှိ အောက်လွှတ်တော်တွင် အောက်လွှတ်တော် တရားရေးကော်မတီဥက္ကဋ္ဌ ရေနယ်ဒိုအူမာလီ (လယ်) အား တွေ့ရစဉ်

ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေး၏  မဟာမိတ်များဖြစ်သော ပါလီမန်အမတ်များသည် တရားရုံးချုပ်တရားသူကြီးအား ရာထူးမှဖယ်ရှားနိုင်ရန် မတ် ၈ ရက်တွင် စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းသည့်လုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ထိုတရားသူကြီးက အနိုင်ကျင့်မှုများအား တွန်းလှန်ပြီး တရားစီရင်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ကယ်တင်သွားမည်ဟု ကတိပြုခဲ့သည်။

အောက်လွှတ်တော်၌ မဲခွဲမှုတွင် ထောက်ခံမဲ ၃၈ မဲ၊ ကန့်ကွက်မဲ နှစ်မဲရရှိခဲ့ပြီးနောက် တရားရုံးချုပ်တရားသူကြီး မာရီယာလောဒေဆီရီနိုအား စွပ်စွဲပြစ်တင်နိုင်ရန်အတွက် ဖြစ်နိုင်ခြေ အကြောင်းရှိကြောင်း အောက်လွှတ်တော် တရားရေးကော်မတီက ထုတ်ပြန်ခဲ့ရာ ဒူတာတေးက ၎င်း၏ရန်ဘက်များအား နှိပ်ကွပ်ရန်နှင့် တစ်ဦးတည်း အာဏာချုပ်ကိုင်မှု ကဏ္ဍကို ဖွင့်လှစ်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းခဲ့မှု၏ တစ်စိတ်တစ်ပိုင်းလုပ်ရပ်ဖြစ်ကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။

ဆီရီနိုသည် အခွန်ပီဆိုနှစ်သန်း (ဒေါ် လာ ၄၀၀၀၀) ပေးဆောင်ရန် ပျက်ကွက်ခဲ့ ကြောင်း စွပ်စွဲချက်များအား အာရုံစိုက်သည့် ထိုကော်မတီ၏ အစီရင်ခံစာကို အောက်လွှတ်တော်က အတည်ပြုခဲ့လျှင် အမေရိကန်ပုံစံ စွပ်စွဲပြစ်တင်မှုဆိုင်ရာ ကြားနာမှုကို အထက်လွှတ်တော်တွင် ပြုလုပ်မည်ဖြစ်သည်။ ၎င်းင်း ကြုံတွေ့နေခဲ့ရသည့် လိမ်လည်မှု၊ ခြိမ်းခြောက် မှု၊ အနှောင့်အယှက်ပေးမှုနှင့် အနိုင်ကျင့်မှု တို့အားလုံးကို လက်မြှောက်အရှုံးပေးလိုက်မည် မဟုတ်ကြောင်း ဖိလစ်ပိုင်၏ပထမဆုံး အမျိုးသမီးတရားသူကြီးချုပ်ဖြစ်သော အ သက် ၅၂ နှစ်ရှိ ဆီရီနိုက မနီလာတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပိုင်ဆိုင်မှုများအား ထုတ်ပြန်ရန် ပျက်ကွက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ဆီရီနိုကို ရာထူးမှထုတ်ပယ်ရန် အစိုးရ၏ရှေ့နေအကြီးအကဲက မတ် ၅ ရက်တွင် တရားရုံးချုပ်ကို သီးခြား တောင်းဆိုခဲ့သည်။ တရားရေးကော်မတီဥက္ကဋ္ဌ ရေနယ်ဒိုအူမာလီက ၎င်း၏အဖွဲ့သည် ဒူတာတေး၏မဟာမိတ်များ လွှမ်းမိုးထားသော အောက်လွှတ်တော်အနေဖြင့် အဆိုပါအမှုကို ကြားနာစစ်ဆေးရန်အတွက် အထက်လွှတ်တော်သို့ လွဲှပေးရန် လာမည့် သီတင်းပတ်တွင် တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အောက်လွှတ်တော်ကော်မတီက ဆီရီနိုသည် တရားရုံးဆုံးဖြတ်ချက်များအား လိမ်လည်မှုနှင့် ကလီကမာလုပ်မှု၊ တရားရုံးသုံး ကားဝယ်ယူရာတွင် အလွန်အကျွံသုံးစွဲမှု၊ ခမ်းနားသောဟိုတယ်များတွင် နေထိုင်မှုနှင့် လေယာဉ်စီးရာတွင် အထူးတန်းများမှ စီးနင်းမှုတို့ ရှိခဲ့ကြောင်းလည်း စွပ်စွဲထားသည်။

၂၀၁၆ ခုနှစ်တွင် သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒူတာတေးက တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်နွှယ်နေသည်ဟု ၎င်းက စွပ်စွဲထားသည့် တရားသူကြီးများအနေဖြင့် အာဏာပိုင်များထံ ကိုယ်တိုင်လာရောက်အဖမ်းခံရန် တောင်းဆိုခဲ့ချိန်တွင် ဆီရီနိုနှင့် ပထမဆုံးအကြိမ် အချင်းများခဲ့သည်။ ဆီရီနိုက ယင်းတောင်းဆိုမှုအား ခါးခါးသီးသီးငြင်းပယ်ခဲ့ပြီး တရားဥပဒေစိုးမိုးမှု၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့ အကြား အာဏာသီးခြားခွဲဝေသုံးစွဲမှုတို့ကို ထောက်ပြခဲ့သည်။

 

 

Most Read

Most Recent