ဆီးရီးယားလေတပ်စခန်းတွင် ရုရှားသယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျခဲ့ပြီး ၃၂ ဦး သေဆုံးခဲ့

ဆီးရီးယားလေတပ်စခန်းတွင် ရုရှားသယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျခဲ့ပြီး ၃၂ ဦး သေဆုံးခဲ့
Published 7 March 2018

ဟိုချီမင်းစီးတီးရှိ လေတပ်စခန်းတစ်ခုတွင် ဗီယက်နမ်လေတပ်၏ Antonov-26 လေယာဉ်ကို ၂၀၁၄ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (Photo: AP)

ဆီးရီးယားရှိ မိန်းမင်လေတပ်စခန်းတွင် ရုရှားစစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ်သည် အဆင်းတွင်ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ၃၂ ဦးစလုံး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ ခရီးသည် ၂၆ ဦးနှင့် လေယာဉ်အမှုထမ်း ခြောက်ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Antonov-26 သယ်ယူပို့ဆောင်ရေးလေယာဉ်သည် လေယာဉ်ပြေးလမ်းမှ ကိုက် ၅၀၀ ခန့်အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုများအရ နည်းပညာချွတ်ယွင်းချက်ကြောင့် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ပြင် လေယာဉ်သည် မီးလောင်ခဲ့ခြင်းမရှိကြောင်း မြေပြင်မှသတင်းများက ဆိုသည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Antonov-26 လေယာဉ်များကို ဆီးရီးယားတွင် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးတို့အတွက် အသုံးပြုကြောင်း Kommersant သတင်းစာက ဖော်ပြခဲ့သည်။ ထို့ပြင် မီဒီယာခရီးစဉ်များအတွက်လည်း ယင်းလေယာဉ်များကို အသုံးပြုကြောင်း သိရသည်။ မော်စကိုသည် ၂၀၁၅ ခုနှစ် စက်တင်ဘာမှစပြီး ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုများ စတင်ဆောင်ရွက်ခဲ့ပြီး ၎င်း၏ဝင်ရောက်စွက်ဖက်မှုက ဆီးရီးယားပဋိပက္ခတွင် မဟာမိတ်သမ္မတ ဘာရှားအယ်အာဆတ်၏ဘက်ကို အလေးသာစေခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဒီဇင်ဘာက မိန်းမင်လေတပ်စခန်းသို့ အမှတ်မထင်သွားရောက်ခဲ့ပြီး ဆီးရီးယားစစ်ပွဲတွင် ၎င်းတို့၏ တာဝန်အများစုပြီးဆုံးခဲ့ပြီဖြစ်၍ ရုရှားတပ်ဖွဲ့ဝင်များ စတင်ရုပ်သိမ်းရန် အမိန့်ထုတ်ကြောင်း ကြေညာခဲ့သည်။ လေယာဉ်ပျက်ကျမှုမတိုင်မီက ဆီးရီးယားစစ်ပွဲတွင် ရုရှားစစ်တပ်၏ဆုံးရှုံးမှုသည် ၄၅ ဦးရှိခဲ့ဖူးပြီး ယခုလေယာဉ်ပျက်ကျမှုတွင် သေဆုံးသူများသည် စစ်မှုထမ်းများဆိုပါက ရုရှား၏ကျဆုံးမှုသည် ၇၇ ဦးအထိ ရှိလာမည်ဖြစ်သည်။

Most Read

Most Recent