တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ သမိုင်းဝင်ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံ

တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ သမိုင်းဝင်ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံ
Published 6 March 2018

မတ် ၅ ရက်က ပြုံယမ်းတွင် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ကိုရီးယားဗိုလ်ချုပ် ကင်ယောင်ချို (ယာ-ဒုတိယမြောက်) တို့ ဆွေးနွေးနေမှုကို တွေ့ရစဉ် (Photo: AFP)

တောင်ကိုရီးယား၏ရာထူးအကြီးဆုံး ပုဂ္ဂိုလ်များ ပါဝင်သောကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ပြုံယမ်းသို့ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် မတ် ၅ ရက်တွင် ရောက်ရှိခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံခဲ့ရာ အိုလံပစ်ပြိုင်ပွဲကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာမှုလျော့ကျလာမှု၏ နောက်ဆုံးခြေလှမ်းဖြစ်လာခဲ့သည်။ ယင်းကိုယ်စားလှယ်အဖွဲ့သည် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးရန်နှင့် ညစာစားရန် သဘောတူညီချက်ရထားကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုခဲ့သည်။

ယင်းသည် ၂၀၀၇ ခုနှစ် ဒီဇင်ဘာတွင် တောင်ကိုရီးယား ထောက်လှမ်းရေးအကြီးအကဲက ပြုံယမ်းသို့သွားရောက်ခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားမှ ဝန်ကြီးအဆင့်က မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ် သွားရောက်မှုဖြစ်လာခဲ့သည်။

ပြီးခဲ့သောလတွင် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် ပြုံချန်ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ၎င်း၏ ညီမဖြစ်သူ ကင်ယိုဂျုံအား အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်မှုနှင့်အတူ ယင်းအားကစားပွဲတွင် ကိုရီးယားနှစ်နိုင်ငံမှ အားကစားသမားများက အတူချီတက်ခဲ့ကြသည်။

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြုံချန်အားကစားပြိုင်ပွဲကို ဝါရှင်တန်နှင့် ပြုံယမ်းတို့အကြား ဆွေးနွေးပွဲစတင်နိုင်ရေးအတွက် အသုံးချရန် ကြိုးပမ်းခဲ့သည်။ ကင်ဂျုံအွန်ကလည်း မွန်းအား မြောက်ကိုရီးယား၌ ထိပ်သီးကျင်းပရန်အတွက် ညီမဖြစ်သူမှ တစ်ဆင့် ဖိတ်ကြားခဲ့သည်။ မွန်းကမူ ယင်းဖိတ်ကြားချက်အား ချက်ချင်း လက်မခံခဲ့ဘဲ သင့်လျော်သော အခြေအနေများ ဦးစွာဖန်တီးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သော အမျိုးသားလုံခြုံရေး အကြံပေး ချန်းအူယုံက ၎င်းတို့ခရီးစဉ်အတွင်း ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးပွဲ အတွက်သာမက မြောက်ကိုရီးယားနှင့် အမေရိကန်အပါအဝင် အဝိုင်းအကြား ဆွေးနွေးပွဲဖြစ်လာရေးအ တွက် ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်တွင်  နျူကလီးယား ကင်းစင်ရေးနှင် စစ်မှန်ပြီးတည်တံ့သော ငြိမ်းချမ်းရေးဖန်တီးရန် မွန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို သတင်းစကားပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းအဖွဲ့တွင် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၇ ခုနှစ်တို့၌ ကျင်းပခဲ့သော ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးစီစဉ်ရန်အတွက် ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သည့် ဝါရင့်ထောက်လှမ်းရေး အကြီးအကဲ ဆူဟွန်းလည်း ပါဝင်သည်။ အခြားအဖွဲ့ဝင်များတွင် ဆူဟွန်း၏ လက်ထောက်နှင့် ကိုရီး ယားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယ ဝန်ကြီးလည်း ပါဝင်သည်။ ယင်းအဖွဲ့သည် မတ် ၇ ရက်တွင် ဝါရှင်တန်သို့သွားရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်၏ရလဒ်ကို အမေရိကန်ထံ ရှင်းပြမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent