<

အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း ဗီယက်နမ်သို့ သမိုင်းဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာ

ဖေဖော်ဝါရီ ၁၇ ရက်က ဖိလစ်ပိုင်မြို့တော် မနီလာကမ်းလွန်၌ ကျောက်ချထားသော အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ကို တွေ့ရစဉ် (Photo: AFP)

စစ်ကြီးပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်လေယာဉ်တင် သင်္ဘောကြီးတစ်စင်းသည် ဗီယက်နမ်နိုင်ငံသို့ မတ် ၅ ရက်က ရောက်ရှိလာခဲ့သည်။  ပိုင်နက်အငြင်းပွားနေသော တောင်တရုတ် ပင်လယ်အရေးကိစ္စနှင့်ပတ်သက်ပြီး တရုတ်၏ ရန်လိုမှုနှင့် ရင်ဆိုင်နေရစဉ် ရန်သူဟောင်းများ ဖြစ်ကြသည့် ဗီယက်နမ်နှင့် အမေရိကန်တို့၏ စစ်ရေးပူးပေါင်းမှုမှာ ပိုမိုကြီးထွားလာခဲ့သည်။

ဗီယက်နမ်အလယ်ပိုင်းရှိ ဒါနန်မြို့ ဆိပ်ကမ်းသို့ USS Carl Vinson ၏ အထိမ်းအမှတ်ဆန်သော လေးရက်ကြာခရီးစဉ်အတွင်း Agent Orange ၏ သားကောင်ဖြစ်ခဲ့သူများရှိရာ စင်တာသို့ ခရီးစဉ်လည်း ပါဝင်မည် ဖြစ်သည်။ Agent Orange ဆိုသည်မှာ ဗီယက်နမ် စစ်ပွဲအတွင်းက ဗီယက်နမ်မြေပေါ်တွင် အမေရိကန်တို့ ကြဲချခဲ့သော အဆိပ် ဓာတုပစ္စည်းများ ဖြစ်သည်။

အမေရိကန်လေယာဉ်တင်သင်္ဘော၏ခရီးစဉ်အတွင်း တောင်တရုတ်ပင်လယ်ထဲမှ တင်းမာမှုများက လွှမ်းမိုးနေလိမ့်မည် ဖြစ်သည်။ ရင်းမြစ် ကြွယ်ဝသော တောင်တရုတ်ပင်လယ်ရေပိုင်နက်အငြင်းပွားမှုတွင် အမေရိကန်မှာ ပါဝင်ပတ်သက်မှုမရှိသော်လည်း အမေရိကန်သည် တရုတ်၏ ကြီးထွားလာသော လွှမ်းမိုးမှုအား ဟန်ချက်ထိန်းရန် တောင်တရုတ်ပင်လယ်ထဲ၌ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် စည်းရုံးလှုပ်ရှားနေသည်မှာ ကာလရှည်ကြာရှိပြီဖြစ်သည်။

ထိုလေယာဉ်တင်သင်္ဘောခရီးစဉ်သည် ခါးသီးသော ရန်သူဟောင်းနှစ်နိုင်ငံကြားမှ အဓိကကျသည့် သမိုင်းဝင်ဖြစ်စဉ်တစ်ခုဟုလည်း အမွှမ်းတင်ခံနေရသည်။ ဗီယက်နမ် စစ်ပွဲပြီးဆုံးသည့် ၁၉၇၅ ခုနှစ် နောက်ပိုင်း ထိုနှစ်နိုင်ငံ၏ ဆက်ဆံရေးမှာ အံ့သြဖွယ် ပြောင်းလဲလာခဲ့သည်။ အမေရိကန်သင်္ဘောများသည် ယခင်ကလည်း ဗီယက်နမ်သို့ ပုံမှန်လာရောက်လေ့ရှိသော်လည်း လေယာဉ်တင်သင်္ဘောတစ်စင်း ရောက်လာသည်ဆိုသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

နျူကလီးယားစွမ်းအင်ဖြင့် မောင်းနှင်သော USS Carl Vinson သင်္ဘောပေါ်တွင် သင်္ဘောအမှုထမ်း၊ လေယာဉ်မှူး၊ အမှုထမ်း ၅၃၀၀ နှင့်အတူ လေယာဉ် ၇၂ စင်းတို့ပါဝင်သည်။ ထိုသင်္ဘောကြီး၏ခရီးစဉ်အတွင်း အမေရိကန်စစ်သားများနှင့် ဒေသခံတို့ကြား၌ ချစ်ကြည်ရေးဘောလုံးပွဲများ၊ ရေတပ်၏ဖျော်ဖြေပွဲများ၊ မိဘမဲ့ကလေးကျောင်းသို့ သွားရောက်ခြင်းများလည်း ပါဝင်မည်ဖြစ်သည်။

ဖိလစ်ပိုင်သို့ ပြီးခဲ့သည့်လက သွားရောက်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့သည့် ယခု ဗီယက်နမ်ခရီးစဉ်သည် အာရှဒေသတွင် အမေရိကန်၏ စစ်ရေးအင်အားကို ပြသရန် အခွင့် အရေးတစ်ရပ်ဖြစ်သည့်အကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ “တောင်တရုတ် ပင်လယ်ထဲမှာ ကြီးမားတဲ့ ရေတပ်အင်အားကြီးရှိနေတာကို တရုတ်ကိုပြသဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်” ဟု ဗီယက်နမ်ရေးရာကျွမ်းကျင်သူ ကားလ်သာယာက အေအက်ဖ်ပီသို့ ခရီးစဉ်မတိုင်မီက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်ရေပိုင်နက် အငြင်းပွားမှုတွင် တရုတ်နှင့်ရင်းနှီးသည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးတက်လာပြီးနောက်ပိုင်း ဖိလစ်ပိုင်မှာ လေသံပျော့သွားခဲ့သော်လည်း ဗီယက်နမ်က ရေပိုင်နက်ပိုင်ဆိုင်မှု နှင့် ပတ်သက်ပြီး တင်းမာစွာ ရပ်တည်နေဆဲ ဖြစ်သည်။ ထိုနှစ်နိုင်ငံအပြင် ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်းတို့သည်လည်း တရုတ်နှင့် ရေပိုင်နက် အငြင်းပွားနေကြသည်။

March 5, 2018














Copy Protected by Chetan's WP-Copyprotect.