ဘင်္ဂါလီ အကျပ်အတည်းဖြေရှင်းရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ရပ်တည်မည်ဟု အမေရိကန်သမ္မတ၏လက်ထောက် ပြောကြား

ဘင်္ဂါလီ အကျပ်အတည်းဖြေရှင်းရာတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ရပ်တည်မည်ဟု အမေရိကန်သမ္မတ၏လက်ထောက် ပြောကြား
Published 6 March 2018

မတ် ၁ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေမှုကို တွေ့ရစဉ် (Photo: AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ လက်ထောက်တစ်ဦးဖြစ်သူ လီဆာကာတစ်သည် မတ်လ ၄ ရက်က ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိခဲ့ပြီး ဘင်္ဂါလီအကျပ်အတည်းကို ဖြေရှင်းရာတွင် အမေရိကန်က ဘင်္ဂလားဒေ့ရှ်နှင့် ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်ရှိ အမျိုးသားလုံခြုံရေးကောင်စီမှ တောင်နှင့် အလယ်အာရှရေးရာ အကြီးတန်းဒါရိုက်တာ ကာတစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူဟန်ဆန်မာမွတ်အလီနှင့် တွေ့ဆုံခဲ့ပြီး ယင်းအစည်းအဝေးတွင် အမေရိကန်၏ ရပ်တည်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်က ဆိုသည်။

အမေရိကန်သည် ဘင်္ဂလားဒေ့ရှ်အား အကူအညီများ ထပ်မံပေးရန် ကမ်းလှမ်းထားပြီး အထူးသဖြင့် မုတ်သုံရာသီချဉ်းကပ်လာချိန်တွင် ရောက်ရှိလာတော့မည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အမေရိကန်က ကူညီမည်ဟု ကာတစ်က ပြောကြားခဲ့သည်ဟု ဆိုသည်။ ကာတစ်သည် ကော့ဘဇားသို့ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသူများ၏ အတိဒုက္ခများကို သိရှိခဲ့ကြောင်း၊ ယင်းအတွေ့အကြုံများကို အစည်းအဝေးတွင် မျှဝေခဲ့ကြောင်း ကြေညာချက်က ဆိုသည်။ ဘင်္ဂါလီမွတ်စလင်တို့သည် အခြေအနေများ ဘေးကင်းလုံခြုံပါက မြန်မာနိုင်ငံရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားလိုကြောင်း ကာတစ်က ထည့်သွင်းပြောကြားခဲ့သည်။ ဘင်္ဂါလီတို့ကို ခိုလှုံခွင့်ပေးထားသည့် ဘင်္ဂလားဒေ့ရှ်အား ကာတစ်က ချီးကျူးခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရာတွင် ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာတွင် စံနမူနာဖြစ်လာနိုင်ကြောင်း ကာတစ်က ပြောကြားခဲ့သည်။

Most Read

Most Recent