တောင်ကိုရီးယားက မြောက်ကိုရီးယားနိုင်ငံသို့ သံတမန်များ စေလွှတ်မည်

တောင်ကိုရီးယားက မြောက်ကိုရီးယားနိုင်ငံသို့ သံတမန်များ စေလွှတ်မည်
Published 5 March 2018

မတ် ၁ ရက်က ၉၉ ကြိမ်မြောက် လွတ်လပ်ရေးလှုပ်ရှားမှုနေ့ အခမ်းအနားအတွင်း အလံကို ဝှေ့ရမ်းနေသည့် တောင်ကိုရီးယားသမ္မတမွန်း (လယ်) (Photo - AFP)

နျူကလီးယား လက်နက်အရေးကိစ္စနှင့် ပတ်သတ်ပြီး အမေရိကန်နှင့် မြောက်ကိုရီးယားကြားတွင် ဆွေးနွေးပွဲများဖြစ်ပေါ်လာစေရန် တွန်းအားပေးရေးအတွက် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် အထူးသံတမန် တစ်ဖွဲ့ကို မတ် ၅ ရက်တွင် မြောက်ကိုရီးယားသို့ စေလွှတ်မည်ဖြစ်သည်။

တောင်ကိုရီးယား သူလျှိုခေါင်းဆောင်ပါဝင်မည့် အဆိုပါကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ရေးကို သမ္မတရုံးက မတ် ၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းစေလွှတ်မှုသည် အိုလံပစ်ကြောင့် ကိုရီးယားနှစ်နိုင်ငံကြား၌ သိသိသာသာ လျော့ကျလာသော တင်းမာမှုတို့၏ နောက်ဆုံးလက္ခဏာလည်း ဖြစ်သည်။

သမ္မတမွန်သည် ကမ္ဘာ့လုံခြုံရေးအတွက်ပင် အန္တရာယ်ရှိလာသည့် နျူကလီးယား တင်းမာမှုကို လျော့ကျစေရန် မျှော်လင့်ချက်ဖြင့် ဖြောင်းချန်းအိုလံပစ်ပွဲတော်ကို အသုံးချကာ အမေရိကန်နှင့် မြောက်ကိုရီးယားတို့ကြား၌ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းနေခြင်း ဖြစ်သည်။

မတ် ၅ ရက်တွင် ပြုံယမ်းသို့သွားရန် သမ္မတမွန်း ရွေးချယ်ထားသော ထိပ်တန်းအရာရှိငါးဦးရှိပြီး ၎င်းတို့အနက် အမျိုးသား လုံခြုံရေးအကြံပေး ချန်အီယောင်နှင့် သူလျှိုအကြီးအကဲ ဆူဟွန်းတို့ ပါဝင်သည်ဟု မွန်၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ “ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ရေး၊ ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးတို့အတွက် မြောက်ကိုရီးယားနဲ့ အမေရိကန်ကြားမှာ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့ အခြေအနေဖန်တီးပေးရေးအတွက် အခုအထူးကိုယ်စားလှယ်တွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြမှာဖြစ်ပါတယ်” ဟု ယွန်ယန်ချန်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိပ်တန်းကိုယ်စားလှယ်ငါးဦးနှင့် လက်ထောက်အရာရှိငါးဦးပါဝင်မည့် ၁၀ ဦးအဖွဲ့သည် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ မတ် ၅ ရက် မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် သွားရောက်ပြီး မတ် ၆ ရက်တွင် ပြန်လာမည် ဖြစ်သည်။ ထိုနောက်တွင် အဆိုပါ ၁၀ ဦးအဖွဲ့သည် အမေရိကန်သို့ ဆက်လက်သွားရောက်ကာ မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲရလဒ်များကို ရှင်းပြမည်ဟု သိရသည်။

သူလျှိုအကြီးအကဲ ဆူဟွန်းသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် ဝါရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှ၂၀၀၇ ခုနှစ် အတွင်းက ကိုရီးယားထိပ်သီးအစည်းအဝေး နှစ်ခုကို စီစဉ်ရန် ညှိနှိုင်းမှုများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့သူဖြစ်သည်။

Ref ; AFP

Most Read

Most Recent