ဖွတ်ဖွတ်ကြေနေသော ဂူတာထဲသို့ ဆီးရီးယားအစိုးရတပ်များ ချီတက်ဝင်ရောက်လာ

ဖွတ်ဖွတ်ကြေနေသော ဂူတာထဲသို့ ဆီးရီးယားအစိုးရတပ်များ ချီတက်ဝင်ရောက်လာ
Published 5 March 2018

မတ် ၃ ရက်တွင် အရှေ့ပိုင်းဂူတာ၌ အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် ယာယီဆေးရုံတစ်ရုံတွင် ဆေးကုသမှုခံယူနေသည့် ကလေးတစ်ဦးကို တွေ့ရစဉ် (Photo -AFP)

သူပုန်တို့ထိန်းချုပ်ထားသော အရှေ့ပိုင်း ဂူတာဒေသမှ နယ်မြေတို့ကို ဆီးရီးယား အစိုးရတပ်ဖွဲ့များသည် မတ် ၃ ရက်တွင် သိမ်းပိုက်ခဲ့ကြကြောင်း သိရသည်။ အရပ်သား ထောင်ပေါင်းများစွာ အရေးပေါ်အကူအညီများရရှိရန် စောင့်ဆိုင်းနေကြသည့် ဝန်းရံပိတ်ဆို့ခံထားရသော အရှေ့ပိုင်း ဂူတာထဲတွင် တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာလျက်ရှိသည်။

ခုနစ်နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်ပွဲအတွင်းမှ အခြားစစ်မျက်နှာတစ်ခုဖြစ်သော ကာ့ဒ်တို့နေထိုင်ရာ အာဖရင်ဒေသတွင်မူ တူရကီစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဆီးရီးယားအစိုးရလိုလားသည့် တပ်ဖွဲ့ဝင် ၃၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရုရှားက ကျောထောက်နောက်ခံပေးထားသည့် ဆီးရီးယားအစိုးရတပ်များသည် ဖေဖော်ဝါရီ ၁၈ ရက်ကတည်းက အရှေ့ပိုင်း ဂူတာစစ်ဆင်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။ ယင်းအချိန်မှစပြီး သေဆုံးခဲ့သည့် အရပ်သား ၆၄၀ ကျော်ရှိပြီ ဖြစ်သည်။ အရှေ့ပိုင်းဂူတာသည် ဆီးရီးယား၏ လက်နက်ကိုင်အတိုက်အခံတို့ နောက်ဆုံးထိန်းချုပ်ထားနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

အရှေ့ဘက် ဂူတာတွင် ဆီးရီးယားစစ်တပ်သည် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ရက်များအတွင်းက မြေပြင်စစ်ဆင် ရေးကိုပါ အရှိန်မြှင့်လာခဲ့ကြသည်။ လက်ရှိတွင် ဆီးရီးယားအစိုးရသည် အရှေ့ပိုင်း ဂိုတာဒေသထဲမှ နယ်မြေ ၁၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်သွားပြီဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အစိုးရတပ်များသည် မတ် ၁ ရက်ကတည်းက အရှေ့ပိုင်း ဂူတာထဲသို့ ချီတက်လာခြင်းဖြစ်ပြီး ဒေသ၏ အရှေ့ပိုင်း၊ အရှေ့တောင်ပိုင်းမှ နယ်မြေများအပြင် လေတပ်အခြေစိုက် စခန်းနှစ်ခုကိုလည်း သိမ်းနိုင်ခဲ့ပြီဟု ဗြိတိန် အခြေစိုက်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

“အကြမ်းဖက်သမားတွေဟာ မကြာမီမှာ ရှုံးနိမ့်ခြင်းရဲ့အရသာကို ခံစားရတော့မှာပါ” ဟု ဆီးရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အေမန်ဆွန်ဆင်က ဆိုသည်။

၂၀၁၃ ခုနှစ်ကစ၍ အစိုးရတပ်၏ ဝန်းရံပိတ်ဆို့မှုနှင့် ရင်ဆိုင်နေရသည့် အရှေ့ပိုင်း ဂူတာထဲမှ အရပ်သား ၄၀၀,၀၀၀ ခန့်သည် ယခုစစ်ဆင်ရေးမတိုင်မီကတည်းက စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုနှင့် ဆိုးဆိုးရွားရွား ရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

တူရကီ ဗုံးကြဲတိုက်ခိုက်မှုများ

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင်မူ တူရကီစစ်တပ်နှင့် မဟာမိတ်တိုက်ခိုက်ရေးသမားတို့၏ ကာဒ့်နှိမ်နင်းရေးစစ်ဆင်ရေးမှာ သီတင်းခြောက်ပတ် ကျော်လာပြီဖြစ်သည်။ အမေရိကန်တို့၏ မဟာမိတ်ဖြစ်သော ကာ့ဒ်ပြည်သူ့စစ်တို့ကို လက်ရှိတွင် ဆီးရီးယား အစိုးရလိုလားသည့် တပ်ဖွဲ့ဝင်များက ကျောထောက်နောက်ခံပေးနေသည်။

မတ် ၃ ရက်က အာဖရင်ဒေသသို့ တူရကီ လေကြောင်းတိုက်ခိုက်မှုအတွင်း ကာ့ဒ်တို့နှင့်အတူ တိုက်ပွဲဝင်နေသည့် အစိုးရသစ္စာခံ တိုက်ခိုက်ရေးသမား ၃၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ တူရကီတို့သည် ဆီးရီးယားအစိုးရ သစ္စာခံတိုက်ခိုက်ရေးသမားများ၏ စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ကာ့ဒ်ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဦး (SDF) က ထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ၄၈ နာရီကြာကာလအတွင်း အစိုးရသစ္စာခံတပ်များကို ပစ်မှတ်ထားသည့် တတိယအကြိမ် တိုက်ခိုက်မှုလည်း ဖြစ်သည်။ တူရကီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ် ၁ ရက်နှင့် ၂ ရက်တို့ကလည်း အစိုးရသစ္စာခံတပ်ဖွဲ့ဝင် ၁၈ ဦးခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။

ကာ့ဒ်ပြည်သူ့ကာကွယ်ရေးယူနစ် (YPG) က ထိန်းချုပ်ထားသော အာဖရင်ဒေသသို့ တူရကီဦးဆောင်သည့် ဆီးရီးယားတိုက်ခိုက်ရေးသမားများ၏ ထိုးစစ်သည် ဇန်နဝါရီ ၂၀ ရက်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် တစ်လအကြာတွင် ကာ့ဒ်များကိုကူညီရန် အစိုးရသစ္စာခံတပ်များ ရောက်လာခဲ့ကြသည်။

Ref ; AFP

Most Read

Most Recent