ကမ္ဘာ့အညစ်ပတ်ဆုံးမြစ်ကို အင်ဒိုနီးရှားက သန့်စင်ရေး လုပ်ဆောင်နေ

ကမ္ဘာ့အညစ်ပတ်ဆုံးမြစ်ကို အင်ဒိုနီးရှားက သန့်စင်ရေး လုပ်ဆောင်နေ
Published 4 March 2018

မတ် ၃ ရက်က အနောက်ဂျာဗားရှိ ဘန်ဒေါင်းမြို့မှ စီတာရမ်မြစ်ထဲတွင် အမှိုက်များကို တွေ့ရစဉ် (Photo: AFP)

အင်ဒိုနီးရှား စပါးစိုက်လယ်သမား ယူဆပ်ဖ်ဆူပရီယာဒီ၏ ခြေလက်များပေါ်မှ ဝဲနာများသည် ကမ္ဘာ့အညစ်ပတ်ဆုံးမြစ်၏ နံဘေးတွင် နေထိုင်ရခြင်း၏ တန်ဖိုးကို နေ့စဉ်အမှတ်ရစရာများဖြစ်သည်။

မိသားစုဝင်ခြောက်ဦးရှိသော လယ်သမား ဆူပရီယာဒီသည် အနောက်ဂျာဗားတွင် မြေကွက်ငယ်လေးဖြင့် စပါးစိုက်ပျိုးရန်အတွက် စီတာရမ်မြစ်၏ နောက်ကျိနေသော မြစ်ရေများကို မှီခိုနေရသူဖြစ်သည်။ စီတာရမ်မြစ်ရေပေါ်တွင်မူ အိမ်သုံးစွန့်ပစ်အမှိုက်များ၊ ဓာတုအဆိပ်များ၊ တိရစ္ဆာန်မစင်များ အစရှိသည်တို့ စုဝေးကာ ပေါလောပေါ်လျက်ရှိသည်။

အထည်အလိပ်စက်ရုံများသည် မြစ်ထဲသို့ စက်ရုံစွန့်ပစ်ပစ္စည်းများကို ပို၍စွန့်ပစ်လာကြစဉ် ဆူပရီယာဒီ၏ လယ်ကွက်မှ စပါးထွက်နှုန်းသည် မိုးတွင်းက သုံးပုံနှစ်ပုံ ကျဆင်းသွားခဲ့သည်။ သို့သော် ၎င်းထံတွင် အခြားရွေးချယ်စရာ အနည်းငယ်သာရှိသည်။

“မိုးရာသီတုန်းက ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ လက်တွေဟာ ယားယံနေပြီး စပါးထွက်နှုန်းလည်း ထိခိုက်ခဲ့ပါတယ်” ဟု အသက် ၅၄ နှစ်အရွယ် ဆူပရီယာဒီက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ညစ်ညမ်းမှုတွေဟာ ကျွန်တော့်ရဲ့ စပါးတွေကို လှိုက်စားခဲ့တယ်။ ဒီအတိုင်း ဆက်သွားရင်တော့ ကျွန်တော့်ပိုက်ဆံတွေ ဆုံးရတော့မယ်။ မလုပ်ဘူးဆိုရင်လည်း ကျွန်တော့်မှာ အခြားအလုပ် မရှိပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

စီတာရမ်မြစ်ကို သန့်စင်ရန် ဆယ်စုနှစ်များစွာ ပျက်ကွက်ခဲ့သည့်အတွက် လက်ရှိတွင်ကျန်းမာရေးအတွက် အရေးပေါ် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ထိုစဉ် အင်ဒိုနီးရှားအစိုးရသည် ဖြစ်နိုင်ဖွယ်မရှိသည့် ရည်မှန်းချက်တစ်ခုကို ထားရှိခဲ့သည်။ ယင်းမှာ ၂၀၂၅ ခုနှစ်တွင် စီတာရမ်မြစ်ကို သောက်သုံးနိုင်သည်အထိ သန့်စင်သွားစေရန် လုပ်ဆောင်ရေးဖြစ်သည်။

မြို့တော်ဂျကာတာထဲ၌ ပြန့်ကြဲနေထိုင်နေသူ ရာခိုင်နှုန်း ၈၀ အပါအဝင် စိုက်ပျိုးရန်၊ လျှော်ဖွပ်ရန်၊ သောက်သုံးရန် စီတာရမ်မြစ်ကို မှီခိုနေရသည့် လူဦးရေသန်း ၃၀ အတွက် ညစ်ညမ်းနေသည့် ထိုမြစ်ရေအား အသုံးပြုနေရခြင်းမှာ အလွန်အန္တရာယ် များနေသည်။

ကီလိုမီတာ ၃၀၀ နီးပါးရှည်လျားသည့် စီတာရမ်မြစ်သည် အင်ဒိုနီးရှား၏ လူနေအထူထပ်ဆုံး ဂျာဗားကျွန်းနှင့် ခရီးသွားဆွဲဆောင်ရာ ဘာလီကျွန်းတို့၏ ရေအားလျှပ်စစ်အတွက် အဓိကရင်းမြစ်ဖြစ်သည်။

စီတာရမ်မြစ်သည် ကမ္ဘာပေါ်တွင် အညစ်ညမ်းဆုံးမြစ်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက ကြေညာခဲ့ပြီးနောက် ထိုအမည်ကို မီဒီယာများ၊ သဘာ၀ ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူများက ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။

စီတာရမ်မြစ်ထဲမှ စွန့်ပစ်ပစ္စည်းပမာဏသည် ညစ်ညမ်းမှုကို မည်သို့တိုင်းတာခြင်းနှင့်အချိန် ပေါ်လိုက်ပြီး ပြောင်းလဲသွားနိုင်သည်။

ယခင်သုတေသနစမ်းသပ်ချက်များအရ စီတာရမ်မြစ်ထဲမှ အဆိပ်ဓာတုပစ္စည်း ပါဝင်မှုအဆင့်မှာ ထိတ်လန့်စရာကောင်းလောက်အောင် ဖြစ်နေသည်ကို တွေ့ရသည်။ မြစ်ရေထဲမှ ခဲဓာတ်ပါဝင်မှုမှာ သောက်သုံးရေအတွက် အမေရိကန်၏ သတ်မှတ်ချက်ထက် အဆပေါင်း ၁၀၀၀ ပိုမိုများပြားနေသည်။

စီတာရမ်သည် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ စာရင်းတွင် အိန္ဒိယမှ ဂင်္ဂါ၊ အမေရိကန်မှ မစ္စစ္စပီနှင့် တရုတ်မှမြစ်ဝါမြစ်တို့နှင့်အတူ ယှဉ်တွဲကာ ထွက်ပေါ်လာနေကြဖြစ်သည်။

ပေါ့ပေါ့တန်တန် လုပ်တော့မည် မဟုတ်

ဇန်နဝါရီလက အင်ဒိုနီးရှား အစိုးရသည် စီတာရမ်မြစ်နှင့် ပတ်သက်သည့် တာဝန်ယူမှုကို ဒေသခံ အာဏာပိုင်များထံမှ လွှဲယူလိုက်ပြီး စွန့်ပစ်ပစ္စည်းဆိုင်ရာစည်းမျဉ်းများကို မသိကျိုးကျွန်ပြုသည့် စီးပွားရေး လုပ်ငန်းရှင်များကို တင်းကျပ်သွားမည်ဟု ကတိပြုခဲ့သည်။ ထိုစည်းမျဉ်း မလိုက်နိုင်သည့် စက်ရုံများသည် စက်ရုံလည်ပတ်ခွင့်ပါမစ်များ ပြန်လည်ရုပ်သိမ်းခံရနိုင်သည်။

အရေးယူခံရခြင်းမှ ရှောင်ရှားရန် နံနက်စောစောပိုင်း အချိန်များ၌ လာရောက်စွန့်ပစ်မည့် စည်းဖောက်သူများကို စောင့်ကြည့်ရန်အတွက်လည်း မြစ်ကမ်းတစ်လျှောက်၌ စီစီတီဗီကင်မရာများ တပ်ဆင်ထားသည်။ တစ်ချိန်တည်းမှာပင် မြစ်ကြောင်းရှင်းလင်းစေရန် အမှိုက်ဆယ်ယူရေး ကိရိယာများကို အသုံးပြုကြမည်ဖြစ်ကြောင်း ရေကြောင်းရေးရာပြောခွင့်ရပုဂ္ဂိုလ် ဂျိုကိုဟာ တိုယိုက ပြောကြားခဲ့သည်။

“ဒီတစ်ကြိမ်မှာ ကျွန်တော်တို့တတွေ ပေါ့ပေါ့တန်တန် လုပ်မှာတော့ မဟုတ်ဘူး။ လုံးလုံးလျားလျား နှစ်မြှုပ်ပြီး ချဉ်းကပ်မှာဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ နှစ် ၅၀၊ ၆၀ ကလို စီတာ ရမ်မြစ် ပြန်လည်သန့်ရှင်းလာနိုင်မယ်လို့ အကောင်းမြင်စိတ်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

၁၉၈၀ ပြည့်လွန်နှစ်များက ဂျကာတာအရှေ့ဘက် ကီလိုမီတာ ၁၇၀ အကွာတွင်ရှိသော မာဂျာလေယာမြို့ငယ်ဝန်းကျင်တွင် စက်မှုဇုန်သစ်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ယင်းနောက်ပိုင်းမှစပြီး ထိခိုက်မှု မရှိသေးသော စီတာရမ်မြစ်နံဘေးတွင် ပြောင်းလဲမှုများ အလျင်အမြန် ဖြစ်ပေါ်လာခဲ့သည်။

ထိုပေါ်ပေါက်လာသည့် အထည်အလိပ်စက်ရုံများသည် အလွန်လိုအပ်နေသော အလုပ်အကိုင်များအား ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သို့သော်လည်း ပြန်ပေးရသည့်တန်ဖိုးမှာ များပြားလွန်းကာ မြစ်ထဲသို့ နေ့စဉ် စက်ရုံစွန့်ပစ်ပစ္စည်း တန်ချိန် ၂၈၀ ကို စွန့်ပစ်နေခြင်းဖြစ်သည်ဟု အစိုးရနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများ၏ အချက်အလက်များအရ သိရသည်။

“မိုးရွာတာနဲ့ ကျွန်တော်အိမ်က ရေမြုပ်တာပဲ။ အနံ့ကလည်း သိပ်ဆိုးပါတယ်” ဟု လေထိုးလှေပေါ်တွင် ထိုင်နေသော အာမတ် ဖာချရူဇာက ပြောကြားခဲ့သည်။ အသက် ၅၇ နှစ်အရွယ် ဖာချရူဇာသည် အထည်အလိပ်စက်ရုံတွင် လုံခြုံရေး အစောင့်လုပ်ခဲ့သော်လည်း စက်ရုံ၏ စွန့်ပစ်စနစ်အကြောင်းကို မေးခွန်းထုတ်ခဲ့သဖြင့် အလုပ်ပြုတ်ခဲ့သူဖြစ်သည်။

မြစ်ရေအခြေအနေသည် အထူးသဖြင့် မြစ်ကမ်းနံဘေးတွင် နေထိုင်သူ ငါးသန်း၏ ကျန်းမာရေးအတွက် စိုးရိမ်စရာအန္တရာယ်ဖြစ်နေသည်။ ဒေသခံအများအပြားမှာ ဝဲယားနာအစရှိသည့် အရေပြားရောဂါများအပြင် စက်ရုံမှထုတ်သည့် ညစ်ညမ်းမှုများကို ရှူရှိုက်နေရသောကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများလည်း ရင်ဆိုင်နေကြရသည်။

“စီတာရမ်ကို ကျွန်တော်တို့ ငယ်ငယ်ကလို ပြန်ဖြစ်စေချင်တယ်။ အဲဒီတုန်းကဆိုရင် မြစ်ဟာ တအားသန့်ပြီး အဲဒီမှာရေကူး၊ အဲဒီရေကိုပဲ သောက်ကြတာပါပဲ” ဟု ဖာချရူဇာက ပြောသွားခဲ့သည်။

Ref: AFP

Most Read

Most Recent