မြောက်ကိုရီးယားနှင့် စစ်ဖြစ်လျှင် ရက်ပိုင်းအတွင်း အမေရိကန်စစ်သား ၁၀၀၀၀ ထိ သေဆုံးနိုင်ဟု စစ်ရေးအစီအစဉ် ရေးဆွဲသူများက ပြောကြား

မြောက်ကိုရီးယားနှင့် စစ်ဖြစ်လျှင် ရက်ပိုင်းအတွင်း အမေရိကန်စစ်သား ၁၀၀၀၀ ထိ သေဆုံးနိုင်ဟု စစ်ရေးအစီအစဉ် ရေးဆွဲသူများက ပြောကြား
Published 4 March 2018

၂၀၁၄ ခုနှစ် ဧပြီ ၁၁ ရက်က တောင်ကိုရီးယားရှိ ပိုချီယွန်မြို့တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ ပါဝင်ခဲ့သည့် အမေရိကန်စစ်သားများကို တွေ့ရစဉ် (Photo -AFP)

မြောက်ကိုရီးယားနှင့် စစ်ပွဲဖြစ်ခဲ့လျှင် ပထမရက်အနည်းငယ်အတွင်းမှာပင် အမေရိကန်စစ်သား ၁၀၀၀၀ ခန့်အထိ သေဆုံးနိုင်ကြောင်း စစ်ရေးအစီအစဉ် ရေးဆွဲသူများက ပြောကြားခဲ့သည်။ စစ်တိုက်ရန်အတွက် ဆုံးဖြတ်ချက် ချခဲ့လျှင် အမေရိကန်တပ်ဖွဲ့ဝင်များအား စစ်စည်းရုံးမှု၊ တိုက်ခိုက်မှုတို့နှင့် ပတ်သက်၍ ဖြစ်နိုင်ခြေအလားအလာများကို ကြိုတင်ဆန်းစစ်ခဲ့သော စစ်ရေးလေ့ကျင့်မှုတစ်ခုကို အမေရိကန်က ပြီးခဲ့သည့်သီတင်းပတ်၌ လျှို့ဝှက်ဆောင်ရွက်ခဲ့ကြောင်း နယူးယောက်တိုင်းမ်က ဖော်ပြခဲ့သည်။

ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာ့ခ်မိုက်လေနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ တပ်မှူးဗိုလ်ချုပ်ကြီး တိုနီသောမတ်တို့က ဟာဝိုင်ယီတွင် ပြုလုပ်ခဲ့သည့် ယင်းစစ်ရေးလေ့ကျင့်မှုသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယား၏ တပ်ဖွဲ့ဝင်များကို အမေရိကန်က တိုက်ခိုက်ခဲ့လျှင် ဖြစ်လာနိုင်ခြေရှိသော စိန်ခေါ်မှုများကို ယင်းစစ်ရေး လေ့ကျင့်မှုတွင် ပုံဖော်ခဲ့ကြခြင်း ဖြစ်သည်။ ဒဏ်ရာရ တပ်ဖွဲ့ဝင်များအား နေ့စဉ်ကယ်ထုတ်ရန် အကန့်အသတ်ရှိမှုနှင့် ပြုံယမ်းက ဓာတုလက်နက်နှင့် လက်တုံ့ပြန်နိုင်မှုတို့ကြောင့် အမေရိကန်တပ်ဖွဲ့ဝင်များ အကျအဆုံးများနိုင်ကြောင်း စစ်ရေးစီစဉ်သူများက အကဲဖြတ်ခဲ့သည်။

အရပ်သားများ သေဆုံးမှုသည် ကနဦး၌ အမေရိကန်တပ်ဖွဲ့ဝင်များ ကျဆုံးမှုထက် အဆများစွာ များပြားနိုင်သည်ဟု တပ်မှူးများက ပြောကြားခဲ့သည်။ အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်ဖွဲ့ဝင် ၂၈၅၀၀ တပ် စွဲထားပြီး လူဦးရေ ၂၄ သန်းရှိသော မြို့တော်ဆိုးလ်သည် မြောက်ကိုရီးယား၏ နယ်စပ်၌ တပ်ဖြန့်ထားသော အမြောက်များ၏ ပစ်ခတ်နိုင်သော အကွာအဝေးအတွင်း ရှိနေသည်။

မြောက်ကိုရီးယားနှင့် စစ်ပွဲသည် ယနေ့သက်ရှိထင်ရှား စစ်သားများ မကြုံဖူးသော ပြင်းထန်မှုမျိုး ဖြစ်မည်ဟု စစ်ရေးလေ့ကျင့်မှုက ဖော်ပြခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မိုက်လေက မှတ်ချက်ပြုခဲ့သည်။ ပြုံယမ်း၏ နျူကလီးယား ရည်မှန်းချက်များကို ဟန့်တားရေးအတွက် ရည်ရွယ်ချက်ရှိသော်လည်း စစ်ရေးစီစဉ်ချမှတ်မှုများက စစ်တိုက်မည်ဟု ဆုံးဖြတ်ချက်ချခြင်း မဟုတ်ကြောင်း ပင်တဂွန်က ပြောကြားခဲ့သည်။

ပြုံချန်ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် မြောက်နှင့် တောင်ကိုရီးယားတို့၏ သံတမန်ရေးဆက်ဆံရေး နွေးထွေးခဲ့ပြီး ပြုံယမ်းက ဝါရှင်တန်နှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း အချက်ပြထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တွေ့ဆုံဆွေးနွေးလိုသော်လည်း မှန်ကန်သည့် သတ်မှတ်ချက်များဖြင့်သာ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း  ပြောကြားထားပြီး သံတမန်ရေးဖြေရှင်းမှု မျှော်လင့်ချက်ကို ထုတ်ဖော်ထားသည်။

မြောက်ကိုရီးယားနှင့် အခြေအနေသည် ထိန်းချုပ်မရနိုင်သော စစ်ပွဲအကျပ် အတည်းသို့ ရောက်ရှိလာမည်ကို အမေရိကန် စစ်ခေါင်းဆောင်များကြားတွင် စိုးရိမ်မှုများ ရှိနေသည်။ မြောက်ကိုရီးယားနှင့်စစ်ပွဲတွင် အလွန်အမင်းဆိုးရွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂျင်မာတစ်က ပြောကြားထားပြီး စစ်ရေးအရေးယူဆောင်ရွက်မှုအတွက် အသင့်ရှိနေရန် ပင်တဂွန်တာဝန်ရှိသူများကို ညွှန်ကြားထားသည်ဟု ဆိုသည်။

Ref ; AFP

Most Read

Most Recent