<

ရုရှားက အသံထက်မြန်ပြီး ရေဒါရှောင်ကွင်းနိုင်သော ဒုံးလက်နက်များ ထုတ်လုပ်ပြီး စစ်အေးခေတ်လက်နက် ထိန်းချုပ်ရေး သဘောတူညီချက်များကို ချိုးဖောက်နေဟု အမေရိကန်စွပ်စွဲ

မတ် ၁ ရက်တွင် RU-RTR ရုရှားရုပ်သံ၏ ဗီဒီယိုမှ ရယူထားသည့် ဓာတ်ပုံ၌ အမည်မဖော်ပြသော နေရာတစ်ခုတွင် ရုရှား၏ Sarmat တိုက်ချင်းပစ် ဒုံးသစ်ကို တွေ့ရစဉ် (Photo: AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နိုင်ငံတော်မိန့်ခွန်း၌ မျိုးဆက်သစ် ကိုယ်ပျောက်လက်နက်များ ထုတ်လုပ်ရန် တောင်းဆိုခဲ့မှုသည် စစ်အေးခေတ်လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များကို မော်စကိုက ချိုးဖောက်ခြင်းဖြစ်ကြောင်း အမေရိကန်က မတ် ၁ ရက်တွင် စွပ်စွဲပြောကြားခဲ့သည်။

မတ်လ ရွေးကောက်ပွဲမတိုင်မီ ပြောကြားခဲ့သော ပူတင်၏ မိန့်ခွန်းတွင် အသံထက်မြန်သော ရေဒါရှောင်နိုင်သည့် ဒုံးများ ထုတ်လုပ်ရန်နှင့် မျိုးဆက်သစ် ရေငုပ်သင်္ဘောများ ထုတ်လုပ်ရေးကို တောင်းဆိုခဲ့ပြီး လက်နက် ပြိုင်ပွဲသစ်အတွက် ၀ါရှင်တန်ကို စိန်ခေါ်ခဲ့သည်။ ၂၀၀၄ ခုနှစ် က ပြောကြားခဲ့သော မိန့် ခွန်းကို ပူတင်က ကိုးကားခဲ့ပြီး ရုရှားသည် မျိုးဆက်သစ်လက်နက်များ ထုတ်လုပ်မည်ဟု ပေးထားသော ကတိကို ယခုအခါ ဖြည့်ဆည်းနေပြီဖြစ်ကြောင်း ပူတင်က ဆိုခဲ့သည်။

အမေရိကန်၏ နျူကလီးယား လက်နက်များကို ပြန်လည်ပြင်ဆင်တည်ဆောက်ရန်  ပြီးခဲ့သည့်လက အမေရိကန်က ကြေညာခဲ့ပြီး အင်အားပြင်းမှု နိမ့်ကျသော  နျူကလီးယား လက်နက်များ ထုတ်လုပ်ရေးကို ရှေးရှုခဲ့သည်။ ပူတင်က အမေရိကန်၏ ယင်းလုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် ရုရှား၏ စစ်ရေးအစီအစဉ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။

ပူတင်သည် မိန့်ခွန်းတွင် တောင်တန်းများနှင့် သမုဒ္ဒရာများကို ဖြတ်ကျော်ပြီး အမေရိကန်၏အရှေ့ဘက် ကမ်းရိုးတန်းသို့ ရောက်ခဲ့သည့် ဒုံးများကို သရုပ်ပြဗီဒီယိုဖြင့် ပြသခဲ့သည်။ ယင်းသရုပ်ပြဗီဒီယိုသည် အမေရိကန် ကို နျူကလီးယားတိုက်ခိုက်မှုအား ပုံဖော်ထား ခြင်းဖြစ်ပြီး တာဝန်ရှိသော အပြည်ပြည်ဆိုင်ရာအဆင့် နိုင်ငံတစ်နိုင်ငံ၏ အပြုအမူ မဖြစ်သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ် ဟယ်သာနော်ဝစ်က ပြောကြားခဲ့သည်။

ရုရှားသည် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များကို တိုက်ရိုက်ချိုးဖောက်မှုအဖြစ် အဖျက်လက်နက်စနစ်များကို ထုတ်လုပ်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ၁၉၈၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော တာလတ် အကွာအဝေး နျူကလီးယား လက်နက်များ ထိန်းချုပ်ရေး သဘောတူညီချက် INF ကို ချိုးဖောက်နေကြောင်း မော်စကိုက သက်သေပြခဲ့ခြင်းဖြစ်သည်ဟု နော်ဝစ်က ပြောကြားခဲ့သည်။

ရုရှားသည် မြေပြင်အခြေစိုက် ခရုဇ် ဒုံးကျည်များကို ထုတ်လုပ်နေပြီး INF ကို ချိုးဖောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  အမေရိကန်သည် နျူကလီးယားလက်နက်များကို ခေတ်မီပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေပြီး ၎င်း၏ ဆောင်ရွက်ချက်များသည် စစ်အေးခေတ် သဘောတူညီချက်များနှင့် အညီဖြစ်ကြောင်း အမေရိကန်က ပြောကြားထားသည်။

နှစ်နာရီနီးပါးပြောကြားခဲ့သော မိန့်ခွန်းတွင် ပူတင်က အသံထက်အဆ ၂၀ မြန်သော ဒုံးပျံစနစ်သစ်တစ်ခုကို ပြသခဲ့ပြီး ယင်းဒုံးအား ဒုံးကာကွယ်ရေးစနစ်များနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များက လုံးဝမြင်တွေ့နိုင်မည်မဟုတ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ထို့ပြင် ရုရှားသည် ရေငုပ်သင်္ဘောများထက် အဆများစွာပိုမြန်စွာ သွားနိုင်သည့် မောင်းသူမဲ့ ရေအောက်ကိရိယာများကိုလည်း ထုတ်လုပ်နေကြောင်း၊ ယင်းမျိုးဆက်သစ်ရေ ငုပ်သင်္ဘောများသည် တော်ပီဒိုနှင့် နျူကလီး ယားထိပ်ဖူးများကို သယ်ဆောင်သွားနိုင်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

March 2, 2018














Copy Protected by Chetan's WP-Copyprotect.