အလွန်အမင်း ချမ်းသာသော တရုတ်အမတ်များ၏ ပိုင်ဆိုင်မှု ဒေါ်လာဘီလျံ ၆၅၀ အထိ မြင့်တက်လာ

အလွန်အမင်း ချမ်းသာသော တရုတ်အမတ်များ၏ ပိုင်ဆိုင်မှု ဒေါ်လာဘီလျံ ၆၅၀ အထိ မြင့်တက်လာ
Published 3 March 2018

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် မိန့်ခွန်းပြောနေသည့် သမ္မတ ရှီကျင်ပင်းကို တွေ့ရစဉ် (Photo: AFP)

တရုတ်ကွန်မြူနစ်ပါတီ၏ နှစ်စဉ်ကျင်းပသော ဥပဒေပြုလွှတ်တော် အစည်းအဝေးများသို့ တက်ရောက်သူများထဲတွင် ပါဝင်သည့် အလွန်အမင်းချမ်းသာသည့် လွှတ်တော်အမတ် ၁၅၀ ကျော်၏ စုစုပေါင်းပိုင်ဆိုင်မှုသည် ဒေါ်လာဘီလျံ ၆၅၀ အထိ တစ်ရှိန် ထိုးမြင့်တက်လာခဲ့ရာ အိုင်ယာလန်၏ နှစ်စဉ် ဂျီဒီပီ၏ နှစ်ဆရှိကြောင်း အစီရင်ခံစာတစ်ခု၌ ဖော်ပြခဲ့သည်။

အင်တာနက် ကုမ္ပဏီပိုင်ရှင်များမှသည်  အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် ကားလုပ်ငန်း ပိုင်ရှင်များအထိ ပါဝင်သော ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံး တရုတ်မှ အချမ်းသာဆုံး ပုဂ္ဂိုလ်အချို့တို့သည် ယခုသီတင်းပတ်ကုန်တွင် စတင်မည့် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ကြမည်ဖြစ်သည်။ ယင်းချမ်းသာသူများအနက် အချို့သည် ထိပ်တန်းအကြံပေးအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့နိုင်ငံ ရေးဆိုင်ရာ အကြံပေးကွန်ဖရင့် (CPPCC) ၏ အဖွဲ့ဝင်များဖြစ်ကြသည်။ ယင်းအဖွဲ့၏ ဆွေးနွေးပွဲများကို မတ် ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

အခြားအမတ်အချို့သည် ဖေဖော်ဝါရီ  ၂၆ ရက်တွင် စတင်ခဲ့သော နှစ်ပတ်ကြာမြင့်သည့် တရုတ်ပြည်သူ့ကွန်ဂရက် (NPC) သို့ တက်ရောက်ကြမည်ဖြစ်သည်။ တရုတ်သမ္မတ ရှီကျင်ပင်းအား ငါးနှစ်သက်တမ်းရှိ  ၎င်း၏ ဒုတိယမြောက်သက်တမ်း ကုန်ဆုံးမည့် ၂၀၂၃ ခုနှစ်ကို ကျော်လွန်၍ သမ္မတအဖြစ် ဆက်လက်ထမ်းဆောင်နိုင်ရန် လမ်းဖွင့်ပေးမည့် သမ္မတသက်တမ်း နှစ်ကြိမ်ကန့်သတ်ထားမှုကို ဖယ်ရှားပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်မှုကို NPC ၏ ယခုနှစ် အစည်းအဝေးတွင် အတည်ပြုနိုင်ရန် လုပ်ဆောင်မည်ဖြစ်သည်။

ယင်းလွှတ်တော်နှစ်ရပ်သို့ ကိုယ်စားလှယ် ၅၁၃၀ တက်ရောက်မည်ဟု မျှော်လင့်ထားပြီး ၎င်းတို့အနက် ၁၅၃ ဦးသည် အလွန်အမင်း ကြွယ်ဝကြသူများဖြစ်ကြောင်း၊ ယင်းအရေအတွက်သည် ပြီးခဲ့သောနှစ်က ၂၀၉ ဦးထက်မူ လျော့ကျသွားခြင်းဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် ကြွယ်ဝမှုဆိုင်ရာ မဂ္ဂဇင်းထုတ်ဝေသူ Hurun ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ယခုနှစ်တွင် အလွန်အမင်း ကြွယ်ဝသူ အရေအတွက် ကျဆင်းခဲ့သော်လည်း ၎င်းတို့၏ စုစုပေါင်းပိုင်ဆိုင်မှုသည် ပြီးခဲ့သောနှစ်တွင် ဒေါ်လာ ၅၀၇ ဘီလျံရှိခဲ့ရာမှ ယခုနှစ် တွင် စုစုပေါင်း ဒေါ်လာဘီလျံ ၆၅၀ အထိ မြင့်တက်ခဲ့ဟု ယင်းအစီရင်ခံစာက ဆိုသည်။

အဆိုပါ အလွန်အမင်း ကြွယ်ဝသူများတွင် ပြီးခဲ့သောနှစ်နှင့် အရေအတွက် မတိမ်းမယိမ်းအဖြစ် ဘီလျံနာ ၁၀၂ ဦး ပါဝင်ကြောင်း  သိရသည်။ NPC တက်ရောက်မည့် ကိုယ်စားလှယ်များတွင် တရုတ်အင်တာနက်ကုမ္ပဏီကြီး Tencent ဥက္ကဋ္ဌ ပိုနီမားသည် ပိုင်ဆိုင်မှု ဒေါ်လာ ၄၇ ဘီလျံဖြင့် အချမ်းသာဆုံးဖြစ်ပြီး  စမတ်ဖုန်းထုတ်လုပ်သည့် Xiaomi ကုမ္ပဏီဥက္ကဋ္ဌ လေဂျန်နှင့် ကားကုမ္ပဏီ Geely ၏ ဥက္ကဋ္ဌ လီရှုဖူးတို့ ပါဝင်သည်။ CCPC အစည်းအဝေး တက်ရောက်သူများတွင် ပိုင်ဆိုင်မှု ဒေါ်လာ ၄၁ ဘီလျံဖြင့် ဒုတိယအချမ်းသာဆုံး ဖြစ်သည့် အိမ်ခြံမြေကုမ္ပဏီ Evergrande ဥက္ကဋ္ဌ ရှီကျားယင် ပါဝင်သည်။

Most Read

Most Recent