အာဖဂန်တွင် ဂျာမနီနိုင်ငံသားတစ်ဦး တာလီဘန်များနှင့်အတူ ဖမ်းဆီးခံခဲ့ရ

အာဖဂန်တွင် ဂျာမနီနိုင်ငံသားတစ်ဦး တာလီဘန်များနှင့်အတူ ဖမ်းဆီးခံခဲ့ရ
Published 2 March 2018

ဖမ်းဆီးခံရသော ဂျာမန်အမျိုးသား (လယ်) အား ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (Photo: AFP)

အာဖဂန်ရှိ အကြမ်းဖက်တိုက်ခိုက်မှုများ ထူပြောသော ဟယ်မန်ပြည်နယ်တွင် ဂျာမနီနိုင်ငံသားတစ်ဦးအား တာလီဘန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၈ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့ရာ အာဖဂန်တွင် တာလီဘန်များနှင့်အတူ ဥရောပနိုင်ငံသားတစ်ဦး ရှားရှားပါးပါး ဖမ်းဆီးခံရမှုဖြစ်ခဲ့သည်။

မုတ်ဆိတ်ရှည်ပြီး အနက်ရောင်ခေါင်း ပေါင်းပေါင်းထားသည့် အမျိုးသားတစ်ဦးက သူ့ကိုယ်သူ ဂျာမန်နိုင်ငံသားဖြစ်ကြောင်းဆိုပြီး ဂျာမန်စကားပြောခဲ့ကြောင်း၊ ၎င်းအား ဟယ်မန်ပြည်နယ်ရှိ ဂီရက်ရှ်ခရိုင်တွင် ဖေဖော်ဝါရီ ၂၆ ရက် ည၌ တာလီဘန်ဟု သံသယရှိသူ သုံးဦးနှင့်အတူ ဖမ်းဆီးမိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ပြောခွင့်ရပုဂ္ဂိုလ် အိုမာဇဝက်က ပြောကြားခဲ့သည်။ အာဖဂန် အထူးတပ်ဖွဲ့ဝင်များနှင့် အာဖဂန်လေတပ်တို့ ပူးတွဲပြုလုပ်သော စစ်ဆင်ရေးတွင် ယင်းအမျိုးသားအား အခြားသံသယရှိသူများနှင့်အတူ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ယင်းပြည်နယ်ရှိ အာဖဂန်စစ်ဘက်ဆိုင်ရာအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဂျာမန်အမျိုးသားက သူ့ကိုယ်သူ အဗ္ဗဒူဝါဒူးဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းအား ထပ်မံစစ်ဆေးမေးမြန်းရန် ကန်ဒါဟာပြည်နယ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ဟယ်မန်ပြည်နယ်ရှိ တာလီဘန်တို့၏ အထူးအဖွဲ့ Red Unit ၏ တပ်မှူး မူလာနာဆာ၏ စစ်ဘက်အကြံပေးဖြစ်ကြောင်း ဂီရက်ရှ်ခရိုင်ရဲမှူး အစ္စမေးခါဝက်က ပြောကြားခဲ့သည်။ ယင်းအတိုင်းသာ အတည်ပြုနိုင်ပါက ဥရောပနိုင်ငံသားတစ်ဦးအား တာလီဘန်များနှင့်အတူ ဖမ်းဆီးမိခဲ့သည့် ဖြစ်စဉ်အနည်းငယ်များအနက် တစ်ခုဖြစ်လာမည်ဖြစ်သည်။ တာလီဘန်များနှင့်အတူ နိုင်ငံခြားသားများက ပူးပေါင်းတိုက်ခိုက်လေ့ရှိသော်လည်း အနောက်နိုင်ငံသားများ ပါဝင်မှု အလွန်အမင်းရှားပါးပြီး အများစုသည် ပါကစ္စတန်၊ ဗဟိုအာရှ သို့မဟုတ် အာရပ်နိုင်ငံများမှဖြစ်ကြသည်။

အာဖဂန်တွင် ဖမ်းဆီးခံခဲ့ရသည့် အမေရိကန် တာလီဘန်ဟုခေါ်သော ဂျွန်ဝါကာလင်းသည် အထင်ရှားဆုံး အနောက်တိုင်း တိုက်ခိုက်ရေးသမားဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

Ref: AFP

Most Read

Most Recent