ဘင်္ဂါလီမွတ်စလင်များ နယ်နိမိတ်မျဉ်းတစ်လျှောက်ရှိ စခန်းများမှနေ၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး

ဘင်္ဂါလီမွတ်စလင်များ နယ်နိမိတ်မျဉ်းတစ်လျှောက်ရှိ စခန်းများမှနေ၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး
Published 1 March 2018

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်တစ်လျှောက်တွင် ခြံစည်းရိုး တည်ဆောက်နေသည်ကို စောင့်ကြပ်နေသည့် မြန်မာစစ်သားများကို ဖေဖော်ဝါရီ ၂၇ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံတွင် တွေ့ရစဉ် (Photo: AFP)

မြန်မာစစ်သားများက အသံချဲ့စက်များဖြင့် သတိပေးခဲ့ပြီးနောက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နယ်နိမိတ်မျဉ်းတွင် နေထိုင်နေကြသော ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်ဒုက္ခသည်များသည် စခန်းများကိုစွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဖြတ်ကျော်ထွက်ပြေးခဲ့ကြောင်း နယ်မြေခံခေါင်းဆောင်များက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

သြဂုတ်လနှောင်းပိုင်းမှစပြီး ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြသော ဘင်္ဂါလီမွတ်စလင်များအနက် ၆၀၀၀ ခန့်သည် နှစ်နှစ်နိုင်ငံကြား နယ်နိမိတ်မျဉ်းတစ်လျှောက်၌ နေထိုင်နေကြသည်။

ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီမွတ်စလင်တို့ကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပေးရန် သဘောမတူမီ ဒုက္ခသည်များသည် နယ်နိမိတ်မျဉ်းတစ်လျှောက်၌ ယာယီစခန်းများ တည်ဆောက်နေထိုင်ခဲ့ကြသည်။ မကြာမီသီတင်းပတ်များအတွင်းက မြန်မာစစ်သားများသည် ဒုက္ခသည်စခန်းများမှ ကိုက်အနည်းငယ်သာဝေးသော နယ်စပ်ခြံစည်းရိုးတစ်လျှောက်၌ ကင်းလှည့်မှုများ အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။ ဒုက္ခသည်စခန်းများ၌ အထိတ်တလန့်ဖြစ်နေကြကြောင်း နယ်မြေခံခေါင်းဆောင် ဒီမိုဟာမက်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အတွင်းသို့ အတင်းအကျပ် ပြန်ပို့ခံရမည်ကို စိုးရိမ်သောကြောင့် မိသားစု ၁၅၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မြန်မာစစ်သားများသည် တစ်ရက်လျှင် ၁၀ ကြိမ်၊ ၁၅ ကြိမ်ခန့် ကြေညာချက်များ အော်ဟစ်နေကြောင်း ပြောကြားခဲ့သည်။ ယင်းကြေညာချက်များတွင် ဘင်္ဂါလီမွတ်စလင်များ ထွက်ခွာကြရန်နှင့် နယ်နိမိတ်မျဉ်းတစ်လျှောက် နယ်မြေတွင် ဆက်လက်နေထိုင်ပါက အရေးယူခံရမည်ဟုပါဝင်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ တာဝန်ရှိသူများသည် ပြီးခဲ့သည့်သီတင်းပတ်က နယ်နိမိတ်မျဉ်းတစ်လျှောက်မှ စခန်းသို့သွားရောက်ခဲ့ကြပြီး ဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ ပြန်ကြရန် တိုက်တွန်းခဲ့သည်။ သို့သော်လည်း ၎င်းတို့တောင်းဆိုထားသော နိုင်ငံသားဖြစ်မှုနှင့် လုံခြုံရေးအာမခံချက်မရရှိပါက ပြန်မည်မဟုတ်ကြောင်း ဒေသခံခေါင်းဆောင်များက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအစိုးရတို့သည် ဘင်္ဂါလီမွတ်စလင်များ ပြန်လည်ရွှေ့ပြောင်းရေးကို သဘောတူညီချက် လက်မှတ်ရေးထိုးထားသော်လည်း ဒုက္ခသည်များကိုယ်တိုင်က မပြန်လိုကြကြောင်း ပြောကြားထားကြသည်။

ဘင်္ဂလားဒေ့ရှ်သည် ပြန်လည်လွှဲပြောင်းရေးလုပ်ငန်းစဉ်ကို ပြီးခဲ့သည့်လက စတင်နိုင်ရန် မျှော်လင့်ခဲ့သော်လည်း ပြင်ဆင်မှုများအတွက် စိုးရိမ်မှုများရှိနေသောကြောင့် လုပ်ငန်းစဉ်ကြန့်ကြာနေရသည်။ မြန်မာတပ်ဖွဲ့ဝင်များသည် မကြာသေးခင် သီတင်းပတ်များက နယ်စပ်တစ်လျှောက်တွင် သံဆူးကြိုးစည်းရိုးကို တည်ထောင်ခဲ့ကြပြီး လက်နက်ကိုင်များ စောင့်ကြပ်သည့် နယ်စပ်စခန်းများကိုလည်း တည်ထောင်ခဲ့ကြောင်း ဒုက္ခသည်များက ပြောကြားခဲ့သည်။

Most Read

Most Recent