ဘင်္ဂါလီမွတ်စလင်များအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားရန် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သုံးဦးက ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆို

ဘင်္ဂါလီမွတ်စလင်များအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားရန် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သုံးဦးက ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆို
Published 27 February 2018

ဖေဖော်ဝါရီ ၂၆ ရက်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် သုံးဦးက ဘင်္ဂါလီမွတ်စလင်များအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားရန် ၎င်းတို့ကဲ့သို့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား တောင်းဆိုခဲ့သည်။ ၎င်းတို့သုံးဦးက ဒေါ်အောင်ဆန်းစုကြည်အား ယင်းကဲ့သို့ မပြုလုပ်ပါက လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံရနိုင်သည့် အန္တရာယ်ရှိကြောင်းလည်း သတိပေးခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်သုံးဦးဖြစ်သော တာဝက်ကောကာမင်၊ ရှီရင်အီဘာဒီ နှင့် မေရိဒ်မက်ဂွိုင်းယားတို့က မြန်မာအရပ်သား အစိုးရအဖွဲ့ခေါင်းဆောင်အား ရက်စက် ကြမ်းကြုတ်မှုများအတွက် နိုးထလာရန် ပန်ကြားခဲ့သည်။ ၎င်းတို့သည် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် တစ်သန်းနီးပါး ခိုလှုံနေသည့် ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒါဟာ မြန်မာအစိုးရနဲ့ မြန်မာတပ်မတော်က ဘင်္ဂါလီမွတ်စလင်(မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ)တွေအပေါ် ဆက်ပြီးကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ အရမ်း အရမ်း အရမ်းကို ရှင်းပါတယ်”ဟု မက်ဂွိုင်းယားက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“မြန်မာအစိုးရရဲ့ ဒီလူမျိုးတုံးသတ်ဖြတ်မှု မူဝါဒကို ကျွန်မတို့ ငြင်းဆိုပါတယ်။ သူတို့ကို ICC (အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး) ကို တင်ရမှာဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့သူတွေကို တာဝန်ယူခိုင်းရပါလိမ့်မယ်” ဟုလည်း မက်ဂွိုင်းယားက ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမွတ်စလင်များအပေါ် မြန်မာနိုင်ငံက ကျူးလွန်သည့် စနစ်တကျ အကြမ်းဖက်မှုများကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူမျိုးစုလိုက် သုတ်သင်မှုမြောက်နိုင်သည်ဟု ဖော်ပြခဲ့သည်။

ကမ္ဘာ့လူ့အခွင့်အရေး အိုင်ကွန်တစ်ဦး ဖြစ်ခဲ့ဖူးသည့် ဒေါ်အောင်ဆန်းစုကြည်သည်  ဘင်္ဂါလီမွတ်စလင်အရေးအား ကိုင်တွယ်ခဲ့ပုံ နှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ အပြင်းအထန် ဝေဖန်မှုများကြောင့် ဂုဏ်သတင်းကျော်စောမှု ထိခိုက်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပင် ငြိမ်းချမ်းရေးနိုဘယ်ဆုရ အမျိုးသမီးများဖြစ်သော အဆိုပါအမျိုးသမီးသုံးဦးသည် ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကော့ ဘဇားခရိုင်ရှိ လူနေကျပ်ညပ်နေသော စခန်းများသို့ သွားရောက်ခဲ့ပြီး လူနည်းစုမွတ်စလင်များအပေါ် မုဒိမ်းမှုနှင့် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြသည့်အကြောင်း ကြားနာခဲ့ပြီးနောက် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ပန်ကြားမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ယီမင် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်သော ကာမင်က ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ကြားဝင်ဆောင်ရွက်ပေးခြင်း မရှိပါက ICC ၌ တရားစွဲဆိုခံရနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။

“သူ့အနေနဲ့ ဆက်ပြီး နှုတ်ဆိတ်နေမယ်ဆိုရင် သူဟာလည်း သူတို့ထဲက တစ်ယောက်ပါပဲ” ဟု ကာမင်က ဒုက္ခသည်များနှင့် တွေ့ဆုံပြီးနောက် မျက်ရည်များသုတ်ရင်း ပြောကြားခဲ့သည်။

“ဒါဟာ ကျွန်မတို့ရဲ့အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုးထလာဖို့ မေတ္တာရပ်ခံတာပါပဲ။ ဒီလိုမှမဟုတ်ရင် သူဟာ ဒီပြစ်မှုကို ကျူးလွန်သူတွေထဲက တစ်ယောက်အဖြစ် သူ သစ္စာဖောက်ခံရပါလိမ့်မယ်”ဟု ကာမင် က ပြောကြားခဲ့သည်။

ဝေဖန်သူများက ကမ္ဘာက ပြစ်တင်ရှုတ်ချမှုများ မြင့်တက်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အခြားသူများက သူ့အား ဝိုင်း၍ရန်လုပ်နေသည်ဟူသော သဘောထားဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နေသည်ဟု စွပ်စွဲကြသည်။

Most Read

Most Recent