ဗီယက်နမ်ရဲများက ဒေါ်လာ ၂ ဒသမ ၅ သန်းဖိုးရှိသည့် ဘိန်းဖြူများကို တရုတ်နယ်စပ်၌ ဖမ်းဆီးမိ

ဗီယက်နမ်ရဲများက ဒေါ်လာ ၂ ဒသမ ၅ သန်းဖိုးရှိသည့် ဘိန်းဖြူများကို တရုတ်နယ်စပ်၌ ဖမ်းဆီးမိ
Published 27 February 2018

မူးယစ်ဆေးမှောင်ခိုကူးသူဟု သံသယရှိခံရသူ ထရန်ဗန်ဘန်းအား မူးယစ်ဆေးများနှင့်အတူ ဖေဖော်ဝါရီ ၂၅ ရက်က ရိုက်ကူးထားစဉ် (Photo: AFP)

ဒေါ်လာ ၂ ဒသမ ၅ သန်း တန်ဖိုးရှိသော ဘိန်းဖြူများကို တရုတ်နိုင်ငံထဲသို့ မှောင်ခိုသွင်းရန် ကြိုးပမ်းမှုဖြင့် ဗီယက်နမ်နိုင်ငံတွင် လူငါးဦးကို ဖမ်းဆီးမိခဲ့ကြောင်း ပြည်တွင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၂၆ ရက်က ဖော်ပြခဲ့သည်။

တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဗီယက်နမ်မြောက်ပိုင်းမှ ကိုင်ဘန် ပြည်နယ်တွင် အဆိုပါဗီယက်နမ်အမျိုးသားများကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ လာအိုမှ ကီလို ၁၀၀ ( ၂၂၀ ပေါင်) နီးပါးရှိသည့် ဘိန်းဖြူများကို တင်ဆောင်လာသော ၎င်းတို့၏ ထရပ်ကားသည် ထွက်ပြေးရန် ကြိုးစားခဲ့ရာ ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု အစိုးရပိုင် Thanh Nien သတင်းစာတွင် ဖော်ပြခဲ့သည်။ ၎င်းတို့ကို ဖေဖော်ဝါရီ ၂၃၊ ၂၄ ရက် အတွင်းက ဖမ်းမိခဲ့သည်ဟု သိရသည်။

ဂိုဏ်းခေါင်းဆောင်ဟု သိရသော အသက် ၃၁ နှစ်အရွယ် ထရန်ဗန်ဘန်းအား ဘိန်းဖြူအထုပ်များစွာ၏ နောက်၌ မတ်တတ်ရပ်နေသည်ကို မီဒီယာများ၌ ဖော်ပြခဲ့သည်။

ဗီယက်နမ်သည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးအများဆုံး ထုတ်လုပ်သည့်နေရာ တစ်ခု ဖြစ်သော လာအို၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံဆုံ ရာ ရွှေတြိဂံဒေသမှလာသည့် မူးယစ်ဆေးများ၏ အဓိက မှောင်ခိုကြားခံ ဗဟိုချက်တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်လကလည်း ဗီယက်နမ် မြောက်ပိုင်း၌ အလားတူဖမ်းဆီးမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုစဉ်က ဗီယက်နမ်ရဲများသည် လာအိုမှ ဒေါ်လာသုံးသန်းတန်ဖိုးရှိသည့် ဘိန်းဖြူ ၁၇၀ ကီလိုကို သိမ်းဆည်းနိုင်ခဲ့သည်။ ယင်းဖြစ်စဉ်သည် တစ်ပါတီစနစ် ကျင့်သုံးသော ဗီယက်နမ်တွင် အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးမှုကြီး ဖြစ်လာခဲ့သည်။

ဗီယက်နမ်နိုင်ငံမှ မူးယစ်ဆေးဥပဒေသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံးထဲမှ တစ်ခုဖြစ်သည်။ ဘိန်းဖြူ ၆၀၀ ဂရမ် (၂၁ အောင်စ) သို့မဟုတ် ဘိန်း ၂၀ ဂရမ်ထက် ပိုသော ပမာဏကို လက်ဝယ်တွေ့ရှိပါက သေဒဏ်ကျခံရနိုင်သည်။

 

Most Read

Most Recent