တရုတ်ကွန်မြူနစ်ပါတီက ရှီကျင်ပင်းကို သက်တမ်းရှည်ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေရန် လမ်းဖွင့်ပေး

တရုတ်ကွန်မြူနစ်ပါတီက ရှီကျင်ပင်းကို သက်တမ်းရှည်ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေရန် လမ်းဖွင့်ပေး
Published 27 February 2018

ဖေဖော်ဝါရီ ၂၆ ရက်က ပေကျင်းရှိ လမ်းတစ်လမ်းတွင် တရုတ်သမ္မတ ရှီကျင်ပင်း၏ ရုပ်ပုံပါ ပိုစတာတစ်ခုအား တွေ့ရစဉ် (Photo: AFP)

တရုတ်သမ္မတသက်တမ်း ကန့်သတ်ချက်ကို ဖျက်သိမ်းရန် အာဏာရကွန်မြူနစ်ပါတီက အကြံပြုထားကြောင်း အစိုးရသတင်း အေဂျင်စီဆင်ဟွာက ပြောကြားခဲ့ပြီး ပါတီခေါင်းဆောင် သမ္မတရှီကျင်ပင်းသည် ၂၀၂၃ ခုနှစ်ကို ကျော်လွန်ပြီး သမ္မတတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် လမ်းပွင့်သွား ဖွယ်ရှိသည်။

တရုတ်သမ္မတနှင့် ဒုသမ္မတတို့၏ သက်တမ်းကန့်သတ်ချက်ကို ဖော်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ်ကို ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ဖယ်ရှားရန် အကြံပြုထားကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

ရှီကျင်ပင်းသည် ၂၁ ရာစု၏ မော်စီတုန်းအဖြစ် တရုတ်နိုင်ငံရေး၌ အဆုံးစွန်သော အခန်းကဏ္ဍကို ရရှိထားပြီဖြစ်ကြောင်း  ဟောင်ကောင်ရှိ တရုတ်တက္ကသိုလ်မှ နိုင်ငံရေး လေ့လာသုံးသပ်သူ ဝီလျံလန်းက ပြောကြားခဲ့သည်။

အသက် ၆၄ နှစ်အရွယ် ရှီသည် ယမန်နှစ်က ပါတီညီလာခံတွင် ပါတီဖွဲ့စည်းပုံ၌ ၎င်း၏ နိုင်ငံရေးအတွေးအမြင်များကို ထည့်သွင်းဂုဏ်ပြုရန် သတ်မှတ်ခံရပြီးနောက် ၁၉၇၀ ပြည့်လွန်နှစ်များက မော်စီတုန်းနောက်ပိုင်း သြဇာအကြီးဆုံးသော တရုတ်ခေါင်းဆောင်ဖြစ်လာခဲ့သည်။

ရှီသည် အစဉ်အလာကို ပယ်ဖျက်ပြီး အာဏာကို ၎င်း၏ အောက်၌ စုစည်းချုပ်ကိုင် ထားလိုကြောင်းကို ပါတီက ယခုနောက်ဆုံးအကြံပြုချက်ဖြင့် အချက်ပြခဲ့ခြင်းဖြစ်သည်။

ရှီသည် နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားကဏ္ဍများကို မကြုံစဖူးကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားပြီး လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုက တရုတ်၏ စုပေါင်းခေါင်းဆောင်မှု အစဉ်အလာမှ ခွဲထွက်ခဲ့သည်။

ပထမငါးနှစ်သက်တမ်းကို ပြီးဆုံးခါနီး  ဖြစ်လာနေသော ရှီသည် မတ် ၅ ရက်တွင် စတင်မည့် ပါလီမန်နှစ်ပတ်လည်အစည်းအဝေးတွင် ဒုတိယသက်တမ်းအတွက် တရားဝင် ခန့်အပ်ခံရဖွယ်ရှိသည်။

သမ္မတသက်တမ်းကို နှစ်ကြိမ်ဆက်တိုက်ထက် ပို၍မထမ်းဆောင်ရဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် အကြံပြုချက်အား ပါလီမန်အစည်းအဝေးတွင် သဘောတူခွင့်ပြုဖွယ် ရှိသည်။

၁၉၈၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတသက်တမ်းကန့်သတ်ချက်ကို ထည့်သွင်းခဲ့ပြီးနောက် တရုတ်သမ္မတများသည် ငါးနှစ်သက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရှိသည်။

၂၀၅၀ ပြည့်နှစ်မတိုင်မီ၌ သာယာဝပြောပြီး ခေတ်မီသော လူ့အဖွဲ့အစည်းတည်ဆောက်ရေး ရှီကျင်ပင်း၏ ရည်မှန်းချက်ကို ကိုးကားကာ သမ္မတသက်တမ်းကန့်သတ်မှုအား ဖယ်ရှားရေးကို ပါတီက မှန်ကန်ကြောင်း ဆွေးနွေးဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောကြားခဲ့သည်။

ရှီကျင်ပင်းသည် ၎င်း၏ စီမံကိန်းများကို ဆောင်ရွက်ရန်အတွက် နောက်ထပ်ငါးနှစ်သက်တမ်း တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လိုအပ်ကောင်း လိုအပ်မည်ဖြစ်သော်လည်း တရုတ်နိုင်ငံသည် နိုင်ငံခေါင်းဆောင်များအား ရာသက်ပန် သက်တမ်းသတ်မှတ်မှုသို့ ပြန်လှည့်ဖွယ်မရှိကြောင်း ပေကျင်းအခြေစိုက် နိုင်ငံရေးသုံးသပ်သူ ဟူရှင်းတိုက ပြောကြားခဲ့သည်။ ယမန်နှစ်ပါတီကွန်ဂရက်တွင် ကွန် မြူနစ်ပါတီက တာဝန်ရှိသူငါးဦးကို ရှီအား ကူညီရန်အတွက် ရာထူးတိုးပေးခဲ့သော်လည်း ၎င်းအား ဆက်ခံနိုင်ဖွယ်ရှိသူကို ခန့်အပ်ခဲ့ခြင်း မရှိပေ။

၂၀၁၂ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သော ရှီအား ဆက်ခံနိုင်ဖွယ်ရှိသူ မရှိသေးခြင်းက ရှီသည် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ရန် ရည်မှန်းချက်ရှိနေကြောင်း ဖော်ပြနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

Most Read

Most Recent