ဂူတာ၌ သေဆုံးသူ ၅၀၀ ကျော်လာစဉ် ကုလသမဂ္ဂက ဆီးရီးယား၌ အပစ်အခတ်ရပ်စဲရန် တောင်းဆို

ဂူတာ၌ သေဆုံးသူ ၅၀၀ ကျော်လာစဉ် ကုလသမဂ္ဂက ဆီးရီးယား၌ အပစ်အခတ်ရပ်စဲရန် တောင်းဆို
Published 26 February 2018

ဆီးရီးယား အပစ်အခတ်ရပ်စဲရေးအတွက် ဖေဖော်ဝါရီ ၂၄ ရက်က လုံခြုံရေးကောင်စီ အစည်းအဝေးတွင် အမေရိကန်သံတမန် နီကီဟာလေ (ယာ)က တရုတ်သံတမန် မာကျောင်းရွှီအား စကားပြောနေသည်ကို တွေ့ရစဉ် (Photo - AFP)

ဆီးရီးယားနိုင်ငံထဲ၌ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၂၅ ရက်တွင် တညီတညွတ်တည်း တောင်းဆိုခဲ့ကြသည်။ သို့သော် ဆီးရီးယားအစိုးရ၏ ခုနစ်ရက်ကြာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ၅၀၀ ကျော်လာပြီဖြစ်သည့် အရှေ့ပိုင်းဂူတာတွင်မူ ဗုံးကြဲမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

ဂူတာထဲသို့ လူသားချင်းစာနာသော အကူအညီများပို့ဆောင်နိုင်ရေး၊ ဒဏ်ရာရသူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးများအတွက် အပစ်အခတ်ရပ်စဲပေးရန် အဆိုပြုချက်တစ်ခုကို ရုရှား၏ ထောက်ခံမှုရရှိပြီး လုံခြုံရေးကောင်စီ၌ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုသဘောတူညီချက်ထဲ၌ ပစ်ခတ်တိုက်ခိုက်မှုများကို နှောင့်နှေးခြင်းမရှိဘဲ ရပ်ဆိုင်းလိုက်ရန်သာ ဖော်ပြခဲ့ပြီး မည်သည့်အချိန်တွင် ရပ်ဆိုင်းရမည်ကို အတိအကျ မဖော်ပြထားပေ။

လုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ရုရှားလေတပ်က ကျောထောက်နောက်ခံပေးထားသည့် ဆီးရီးယား စစ်လေယာဉ်များသည် အရှေ့ဘက်ဂူတာထဲရှိ မြို့တစ်မြို့သို့ ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ကြကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဂူတာတွင် ဖေဖော်ဝါရီ ၁၈ ရက်က စတင်ခဲ့သည့် ဆီးရီးယားအစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူဦးရေ ၅၁၉ ဦးရှိခဲ့ပြီး ယင်းတို့အနက် ၁၂၇ ဦးထက်မနည်းမှာ ကလေးများဖြစ်ကြသည်။

လုံခြုံရေးကောင်စီတွင် မဲခွဲပြီးနောက် ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်နှင့် ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်တို့သည် လာမည့်ရက်များအတွင်း အပစ်အခတ်ရပ်စဲမှု အသက်ဝင်နိုင်စေရန် တွန်းအားပေးရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖုန်းဆက်၍ ပြောကြမည်ဟု သိရသည်။

 

အချိန်ဆွဲခံနေရသော ညှိနှိုင်းမှုများ

ဆီးရီးယား အပစ်အခတ်ရပ်စဲရေးအတွက် မဲခွဲဆုံးဖြတ်မှုကို မူလက ဖေဖော်ဝါရီ ၂၂ ရက်ကတည်းက လုပ်ဆောင်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထိုအဆိုပြုချက်မှာ ရုရှား၏ဗီတိုအာဏာဖြင့် ပယ်ချခြင်းမခံရစေရန်အတွက် သံတမန်များသည် ခက်ခဲသော ဆွေးနွေးပွဲများထဲတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ “ကောင်စီက ရုရှားကိုစောင့်နေရတဲ့ မိနစ်တိုင်းမှာ လူသားတွေရဲ့ ဒုက္ခခံစားရမှုတွေ တိုးသထက်တိုးလာပါတယ်” ဟု အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂသံတမန် နီကီဟာလေက မဲခွဲဆုံးဖြတ်ပြီးနောက် ရုရှားကို ပြစ်တင်ခဲ့သည်။

“သူတို့ ညှိနှိုင်းဆွေးနွေးမှုတွေကို အချိန်ဆွဲနေချိန်မှာ အာဆတ် စစ်လေယာဉ်တွေရဲ့ ဗုံးတွေဟာ ဆက်လက်ကြဲချနေတာဖြစ်တယ်။ လွန်ခဲ့တဲ့သုံးရက်ကသာ အခုလို အတည်ပြုနိုင်ခဲ့မယ်ဆိုရင် သားသမီးတွေဆုံးရှုံးခဲ့ရတဲ့ မိခင်တွေ ဘယ်လောက်လျော့နည်းသွားလိုက်မလဲ” ဟု ဟာလေက ဆက်လက်ပြောကြားခဲ့သည်။ ရုရှားသံတမန် ဗစ်စလီနီဘန်ဇီယာကမူ ထိုစွပ်စွဲချက်များကို ပယ်ချကာ ဖြစ်နိုင်ခြေရှိသော အပစ်အခတ်ရပ်စဲမှုတစ်ခု ပေါ်ပေါက်လာစေရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများလို အပ်သည်ဟု ပြောကြားသွားခဲ့သည်။

ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရန်တောင်း ဆိုရာ၌ ရုရှား၏ သဘောတူညီချက်ရရှိရန်အတွက် အပစ်အခတ်ရပ်စဲမှုကို ၇၂ နာရီအတွင်း စတင်ရမည်ဆိုသောအချက်ကို ဖယ်လိုက်ရပြီး နှောင့်နှေးမှုမရှိစေရဆိုသည့် စကားလုံးဖြင့် အစားထိုးခဲ့ရသည်။ ထို့ပြင် အကူအညီပို့ဆောင်မှုများ၊ ကယ်ဆယ်ရေးများနှင့် ပတ်သက်၍ ‘ချက်ချင်း’ လုပ်ဆောင်ရန်ဆိုသည့် အသုံးအနှုန်းကိုလည်း ချန်ထားခဲ့ရကြောင်း သိရသည်။

ရုရှားသို့ လိုက်လျောခဲ့ရသည့် နောက်တစ်ချက်မှာ အပစ်အခတ်ရပ်စဲရေးထဲတွင် IS ၊ အယ်ကေးဒါးနှင့် ၎င်းတို့နှင့် ဆက်စပ်သည့် အဖွဲ့များ မပါဝင်သည့်အကြောင်း ဖြစ်သည်။ ထို့ကြောင့် ဆီးရီးယားအစိုးရသည် အီဒလစ်ရှိ အယ်ကေးဒါးနှင့် ဆက်စပ်နေသည့် ဂျီဟတ်များကို တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်မည် ဖြစ်သည်။

Ref ; AFP

Most Read

Most Recent