မတည်ငြိမ်သော ဘော်လ်ကန်ဒေသတွင် သြဇာလွှမ်းမိုးနိုင်ရန် ဥရောပသမဂ္ဂနှင့် ရုရှားတို့က အပြိုင်အဆိုင် ကြိုးပမ်းနေ

မတည်ငြိမ်သော ဘော်လ်ကန်ဒေသတွင် သြဇာလွှမ်းမိုးနိုင်ရန် ဥရောပသမဂ္ဂနှင့် ရုရှားတို့က အပြိုင်အဆိုင် ကြိုးပမ်းနေ
Published 25 February 2018

ဘဲလ်ဂရိတ်အနီး ဘာတာဂျနီကာစစ်ဘက်ဆိုင်ရာ လေဆိပ်တွင် ရပ်ထားသော ဆားဘီးယားစစ်တပ်၏ MIG-29 တိုက်လေယာဉ်ကို ၂၀၁၇ အောက်တိုဘာ ၂၀ က ရိုက်ကူးထားသည့်ဓာတ်ပုံ (Photo: AFP)

အရှေ့တောင်ဥရောပတွင် သြဇာလွှမ်းမိုးမှုရရှိနိုင်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့သော ရုရှားသည် ငြိမ်သက်မှုမရှိသည့် ယင်းဒေသ၌ မိတ်ဆွေနိုင်ငံများ ရရှိနိုင်ရေးအတွက် ခြေကုပ်တစ်ခုထူထောင်ရန် ဆားဘီးယားကို အသုံးချနေသည်။ ဥရောပသမဂ္ဂကလည်း ပြန်လည်တန်ပြန်နိုင်ရန် ကြိုးပမ်းနေသည်။

ဥရောပသမဂ္ဂ၏ အရှေ့ဘက်သို့ ချဲ့ထွင်မှု မဟာဗျူဟာကို ကြော်ငြာရန် ရည်ရွယ်လျက် ဥရောပကော်မရှင်ဥက္ကဋ္ဌ ယန်းကလော်ဒီယန်ကာက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဘော်လ်ကန်ဒေသရှိ နိုင်ငံခုနစ်နိုင်ငံသို့ ခရီးစဉ် စတင်မည်ဖြစ်သည်။

ဘော်လ်ကန်ဒေသ အနောက်ဘက်ခြမ်းရှိ အယ်ဘေးနီးယား၊ ဘော့စနီးယား၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ကိုဆိုဗိုနှင့် ဆားဘီးယားတို့ကို နေတိုးနှင့် မပူးပေါင်းစေရန် ရုရှားက အဓိက လိုလားနေသည်။ ထို့ပြင် ယင်းနိုင်ငံများက ဥရောပသမဂ္ဂထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းမှုများကိုလည်း ရုရှားက ဟန့်တားနေသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် စစ်ပွဲများကြောင့် ကွဲခဲ့ကြသော တည်ငြိမ်မှုမရှိသည့် ဘော်လ်ကန်ဒေသတွင် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန်အတွက် အဖွဲ့ဝင်အဖြစ် လက်ခံရန် အလားအလာကို ဥရောပသမဂ္ဂက မက်လုံးအဖြစ် ရှုမြင်ခဲ့သည်။ ဥရောပသမဂ္ဂ၏ အရှေ့ဘက်သို့ ချဲ့ထွင်မှု မဟာဗျူဟာကြောင့် ဆားဘီးယားနှင့် မွန်တီနီဂရိုးတို့အား အဖွဲ့ဝင်ဖြစ်လာစေရန် အနေအထားသို့ ရောက်ရှိစေကာ ၂၀၂၅ ခုနှစ်မတိုင်မီ ယာယီအားဖြင့် အဖွဲ့ဝင်နိုင်ငံများအား ထပ်မံ၍ လက်ခံနိုင်ရန် တံခါးဖွင့်ပေးခဲ့သည်။

ဆလာဗစ်နှစ်မျိုးနှင့် အရှေ့အော်သိုဒေါ့ခရစ်ယာန်နိုင်ငံများအကြား ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ဆက်နွှယ်မှု နက်နက်ရှိုင်းရှိုင်း ရှိနေခြင်းကြောင့် ဆားဘီးယားသည် ဥရောပတွင် မော်စကို၏ အနောက်တိုင်းဆန့်ကျင်ရေး လှုပ်ရှားမှုများ၏ အဓိကပစ်မှတ်တစ်ခု ဖြစ်ခဲ့သည်။ ဥရောပသမဂ္ဂက ဆားဘီးယားအား ၎င်းတို့၏ နိုင်ငံခြားရေးရာမူဝါဒများအတိုင်း ပူးပေါင်းရန်အတွက် အကြိမ်ကြိမ် တောင်းဆိုမှုသည် ၎င်း၏အဖွဲ့ဝင်ဖြစ်လာစေရန် ရှေ့ပြေးနိမိတ်တစ်ခုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်က ရှုမြင်ခဲ့ပြီး စစ်ဒဏ်ခံစားခဲ့ရသော ယူကရိန်းအား ဥရောပနှင့်ရုရှားတို့ အနက် တစ်ခုခုကို ရွေးချယ်ရန် ဖိအားပေးခဲ့သည့် တူညီသောအမှား ဖြစ်ကြောင်း သတိပေးခဲ့သည်။

ရုရှားသည် ဘော်လ်ကန်ဒေသတွင် ၎င်း၏မဟာမိတ်များအား တစ်နိုင်ငံပြီးတစ်နိုင်ငံ ဆုံးရှုံးနေရချိန်တွင် စိုးရိမ်မှု ပိုမိုကြီးထွားလာနေကြောင်း ဆားဘီးယား နိုင်ငံရေးသုတေသီ ဘော့်စကိုဂျက်ဆစ်က ရှုမြင်ခဲ့သည်။

“အဲဒီမှာရှိတဲ့ သူတို့ရဲ့အကျိုးစီးပွားတွေကို မပျောက်မပျက် ထိန်းသိမ်းဖို့ ရုရှားက ဘယ်အခြေအနေအထိ လှုပ်ရှားဖို့ ဆန္ဒရှိနေလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ဒါပေမဲ့ ယူကရိန်းမှာ သူတို့လုပ်ခဲ့တာမျိုးကနေ အကဲဖြတ်ရရင် သူတို့က တော်တော်များများအထိ လုပ်ချင်တဲ့ ဆန္ဒတော့ရှိတယ်” ဟု ယူကရိန်း၏ ခရိုင်းမီးယားအား ရုရှားကသိမ်းယူခဲ့မှုနှင့် ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားလိုလားသည့် သူပုန်များအား ထောက်ပံ့ခဲ့မှုတို့ကို ရည်ညွှန်း၍ ၎င်းက ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသည် နေတိုး၏ အရှေ့ဘက်သို့ ချဲ့ထွင်ရေး အစီအစဉ်ကြောင့် အနေအထား မကောင်းမှုကို ရင်ဆိုင်နေရကြောင်းလည်း လက်ရော့ဗ်က ပြောကြားခဲ့သည်။ မွန်တီနီဂရိုးသည် မော်စကို၏ ပြင်းပြင်းထန်ထန် ကန့်ကွက်နေမှုကြားမှ ပြီးခဲ့သောနှစ်တွင် နေတိုးအဖွဲ့ထဲသို့ ဝင်ရောက်ခဲ့သည်။ စစ်ရေးဆိုင်ရာ ဘက်မလိုက် အနေအထားအား ထိန်းသိမ်းခဲ့ပြီး ဥရောပသမဂ္ဂထဲသို့ ဝင်ရောက်ရန် ငြင်းဆိုခဲ့မှုအတွက် လက်ရော့ဗ်က ဘဲလ်ဂရိတ်အား ချီးကျူးခဲ့သည်။

ယင်းအခြေအနေသည် ဘော်လ်ကန်ဒေသရှိ နိုင်ငံများနှင့် ဥရောပတိုက်တွင် ပုံမှန်အားဖြင့် တည်ငြိမ်မှု ရရှိစေရန်အတွက် လိုအပ်သည့် အဓိက အကြောင်းရင်းများအနက် တစ်ချက်ဖြစ်ကြောင်းကို ၎င်းတို့က လက်ခံကြောင်း လက်ရော့ဗ်က ပြောကြားခဲ့သည်။

ရုရှားသည် အိမ်နီးချင်းဘော့ စနီးယား၊ မွန်တီနီဂရိုးနှင့် မက်ဆီဒိုးနီးယားတို့တွင် မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းနေစဉ် ၎င်း၏မဟာမိတ် ဆားဘီးယားအား စစ်လေယာဉ်များနှင့် တင့်ကားများ ထောက်ပံ့ပေးပြီး ဘော်လ်ကန်ဒေသရှိ နိုင်ငံများတွင် တင်းမာမှု မြင့်တက်စေရန် ဆွပေးနေကြောင်း အနောက်နိုင်ငံများ၏ စိုးရိမ်မှု မြင့်တက်နေသည်။

ယူဂိုဆလားဗီးယားအား ပြိုကွဲစေမှုနှင့်အတူ ဘော်လ်ကန်နိုင်ငံများတွင် ဖြစ်ပွားနေသော စစ်ပွဲများကို တုံ့ပြန်ရန် ဥရောပ၏ ပျက်ကွက်မှုအတွက် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးဆိုင်ရာမူဝါဒများသည် ရင့်ကျက်လာခဲ့ပြီဖြစ်သည်။ သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ပဋိပက္ခများ ပေါ်ပေါက်စေခဲ့သော လူမျိုးရေးဆိုင်ရာ ကွဲပြားမှု အချို့သည် ဆက်လက်ရှိနေဆဲဖြစ်သည်ဟု ဥရောပသမဂ္ဂက သတိထားနေသည်။

ဘော်လ်ကန်ဒေသရှိ နိုင်ငံများအနက် ဘူဂေးရီးယားနှင့် ရိုမေးနီးယားတို့သည် ၂၀၀၇ ခုနှစ်နှင့် ခရိုအေးရှားသည် ၂၀၁၃ ခုနှစ်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့သည်။

“အနောက်ဘော်လ်ကန်မှာ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုက ဥရောပသမဂ္ဂရဲ့ လုံခြုံရေးနဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုပါပဲ” ဟု ယန်ကာက ခရီးစဉ်မတိုင်မီ ပြောကြားခဲ့သည်။ ယန်ကာသည် ဘော်လ်ကန် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် မက်ဆီဒိုးနီးယားနိုင်ငံသို့ စတင်သွားရောက်ခဲ့ပြီး မတ် ၁ ရက်တွင် ဘူဂေးရီးယား၌ ကျင်းပမည့် ဥရောပသမဂ္ဂထိပ်သီးသို့ တက်ရောက်၍ အဆုံးသတ်မည်ဖြစ်သည်။

Ref: AFP

Most Read

Most Recent