အမေရိကန်က အစ္စရေးထူထောင်မှု အနှစ် ၇၀ ပြည့်နှင့်တိုက်ဆိုင်လျက် ဂျေရုစလင်တွင် သံရုံးဖွင့်လှစ်မည်

အမေရိကန်က အစ္စရေးထူထောင်မှု အနှစ် ၇၀ ပြည့်နှင့်တိုက်ဆိုင်လျက် ဂျေရုစလင်တွင် သံရုံးဖွင့်လှစ်မည်
Published 25 February 2018

အမေရိကန်သံရုံးသစ် ထားရှိမည့် ရွေးချယ်စရာတစ်ခုအဖြစ် စဉ်းစားခံထားရသော ဂျေရုစလင်ရှိ သံတမန်ဟိုတယ်ဟောင်း အဆောက်အအုံအား ၂၀၁၇ ခုနှစ်က ရိုက်ကူးထားစဉ် (Photo - AFP)

အမေရိကန်က အစ္စရေးရှိ ၎င်း၏ သံရုံးအား လာမည့်မေလတွင် ဂျေရုစလင်သို့ ရွှေ့ပြောင်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဂျူးနိုင်ငံ အစ္စရေး ထူထောင်မှုအနှစ် ၇၀ ပြည့်နေ့နှင့် တိုက်ဆိုင်လျက် ယင်းသံရုံးကို ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။

ဝါရှင်တန်၏ ယင်းကြေညာမှုသည် အာရပ်အားလုံးကို ရန်စခြင်းဖြစ်သည်ဟုပါ လက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) က ချက်ချင်းပင် ဝေဖန်ရှုတ်ချခဲ့သည်။ ဂျေရုစလင်အား အစ္စရေး၏မြို့တော်အဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်နှင့် ယင်းသံရုံးအား အစ္စရေးထူထောင်သည့် နေ့နှင့် တိုက်ဆိုင်လျက် ရွှေ့ပြောင်းရန် ရွေးချယ်မှုတို့က အပြည်ပြည်ဆိုင်ရာဥပဒေကို အရှက်မရှိ ဗြောင်ကျကျ ချိုးဖောက်မှုဖြစ်သည်ဟု PLO ၏ နံပါတ်နှစ်ခေါင်းဆောင် ဆာအိအီရာကတ်က ပြောကြားခဲ့သည်။

ယင်းဆုံးဖြတ်ချက်သည် နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရန် ရွေးချယ်စရာနည်းလမ်းကို ဖျက်ဆီးပစ်လိမ့်မည်ဖြစ်ပြီး အာရပ်နှင့် မွတ်စလင်အားလုံးတို့ကို ပေါ်တင် ရန်စမှုလည်း မြောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

အမေရိကန်က သံရုံးရွှေ့ပြောင်းမည့် မေ ၁၄ ရက်သည် ၁၉၄၈ ခုနှစ်တွင် အစ္စရေးက လွတ်လပ်ရေးကြေညာခဲ့သည့်နေ့နှင့် တိုက်ဆိုင်နေသည်။ ပါလက်စတိုင်းတို့က ယင်းနေ့အား Naqba ဟု ခေါ်ဆိုပြီး ရုတ်တရက် ကပ်ဘေးကျရောက်သည့်နေ့ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

အမေရိကန်၏ ယင်းကြေညာချက်အား အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကြိုဆိုခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ၎င်း၏ ခေါင်းဆောင်မှုနှင့် မိတ်ဆွေဖြစ်မှုတို့အတွက် ကျေးဇူးတင်ခဲ့သည်။ အမေရိကန်သံရုံးအား တဲအဗစ်မှ ဂျေရုစလင် သို့ရွှေ့ပြောင်းမှုသည် အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကြိုးပမ်းမှုများအား ရှုပ်ထွေးစေနိုင်ပြီး အငြင်းပွားမှုဖြစ်ပေါ်လျှင် အစဉ်အလာအရ ဖြောင့်မတ်သောအကျိုးဆောင်အဖြစ် ရှုမြင်ခံထားရသည့် အမေရိကန်၏ အခန်းကဏ္ဍကိုလည်း အန္တရာယ်ရှိနိုင်သည်။

လတ်တလောတွင် အမေရိကန်သံရုံးအား တဲအဗစ်၌ ဖွင့်လှစ်ထားပြီး ပါလက်စတိုင်း နယ်မြေရှိ အမေရိကန်၏ အကျိုးစီးပွားများအတွက် ကိုယ်စားပြုသည့် သီးခြားကောင် စစ်ဝန်ရုံးကိုမူ ဂျေရုစလင်တွင် ဖွင့်လှစ်ထားခဲ့သည်။

Ref; AFP

Most Read

Most Recent