အာဖဂန်တွင် အသေခံဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့် လူ ၂၃ ဦး သေဆုံးခဲ့

အာဖဂန်တွင် အသေခံဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့် လူ ၂၃ ဦး သေဆုံးခဲ့
Published 25 February 2018

ဖေဖော်ဝါရီ ၂၄ ရက်က ကဘူးတွင် အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့သည့် နေရာအနီး အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင်များ စောင့်ကြပ်နေကြစဉ် (Photo- AFP)

အာဖဂန်နစ္စတန်တစ်ဝန်းတွင် ဖေဖော်ဝါရီ ၂၄ ရက်၌ အသေခံဗုံးခွဲမှုများနှင့် တိုက်ခိုက်မှုများကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ရပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ရာ စစ်ဒဏ်သင့်နေသော နိုင်ငံတွင် တစ်သီတစ်တန်းဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများစွာအနက် နောက်ဆုံးတိုက်ခိုက်မှုများ ဖြစ်လာခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက် ညသန်းခေါင်အချိန်၌ အာဖဂန်အနောက်ပိုင်း ဖာရာပြည်နယ်၊ ဘာလာဘူလူခရိုင်ရှိ စစ်စခန်းတစ်ခုအား တာလီဘန်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ ဦးထက် မနည်းသေဆုံးခဲ့ရပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း၊ ယင်းနေရာသို့ စစ်ကူများ စေလွှတ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒါလက်ဝါဇီယာက ပြောကြားခဲ့သည်။

နောက်ထပ်တိုက်ခိုက်မှုတစ်ခုတွင် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီခွဲဝန်းကျင်၌ မြို့တော် ကဘူးရှိ သံတမန်ရပ်ကွက်အနီး အသေခံဗုံးခွဲမှုကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့ရပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရတ်ရာဟီမီက ပြောကြားခဲ့သည်။ လည်စည်းတပ်ထားပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားကာ ခြေကျင်လျှောက်လာ သူတစ်ဦးက စစ်ဆေးရေးဂိတ်တွင် အသေခံ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

ယင်းဗုံးခွဲမှုသည် နေတိုးဌာနချုပ်နှင့် အမေရိကန်သံရုံးအနီးတည်ရှိသော အာဖဂန် ထောက်လှမ်းရေးအေဂျင်စီဖြစ်သည့် National Directorate of Security (NDS) ၏ ဝင်းတစ်ခုအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်သော လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။ ကဘူးတွင်ဖြစ်ပွားခဲ့သော ယင်းဗုံးခွဲမှုအတွက် တာဝန်ရှိကြောင်း ထုတ်ပြန်သူမရှိသေးပေ။

တည်ငြိမ်မှုမရှိသော နိုင်ငံတောင်ပိုင်း ဟယ်မန်ပြည်နယ်တွင်လည်း သီးခြားဖြစ်ပွားခဲ့သော  အသေခံကားဗုံးခွဲမှုနှစ်ခုကြောင့် စစ်သားနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး လူတစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပထမဆုံး ဗုံးခွဲမှုတွင် စစ်သွေးကြွများက နက်ဒ်အလီခရိုင်ရှိ စစ်စခန်းတစ်ခုအား ဟမ်းဗီးကားတစ်စီးဖြင့် တိုက်ခိုက်ရန် စီစဉ်ခဲ့ကြောင်း၊ စစ်သားများ  ယင်းကားအား ဖော်ထုတ်နိုင်ခဲ့ပြီး အာပီဂျီ ဖြင့်ပစ်ခတ်၍ ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ပြည်နယ်အစိုးရဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် အိုမာဇဝက်က ပြောကြားခဲ့သည်။

နက်ဒ်အလီတွင် တိုက်ခိုက်မှုအပြီး ပြည်နယ်မြို့တော် လက်ရှ်ကာဂါတွင် ဒုတိယမြောက် ကားဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီး လူခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုသည် လက်ရှ်ကာဂါရှိ ရဲဌာနချုပ်တစ်ခု အနီး NDS ဝင်းတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟယ်မန်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆာလန်အာဖဂန်က ပြောကြားခဲ့သည်။ ဟယ်မန်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှစ်ခုစလုံး၌ တာဝန်ရှိသည်ဟု တာလီဘန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Ref; AFP