အိန္ဒိယပါဝင်နေသည့် ဓာတ်ငွေ့ပိုက်လိုင်း၏ အာဖဂန်အပိုင်းအတွက် စီမံကိန်းစတင်

အိန္ဒိယပါဝင်နေသည့် ဓာတ်ငွေ့ပိုက်လိုင်း၏ အာဖဂန်အပိုင်းအတွက် စီမံကိန်းစတင်
Published 25 February 2018

ဖေဖော်ဝါရီ ၂၃ ရက်က ဟီရက်ပြည်နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဖွင့်ပွဲ၌ အာဖဂန်သမ္မတ (ဝဲ) နှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးကို တွေ့ရစဉ် (Photo - AFP)

တာမင်နစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့သည် တောင်အာရှဒေသ၌ စွမ်းအင်ပြတ်လပ်မှု လျော့ပါးစေရေး အထောက်အကူပြုရန် မျှော်လင့်လျက် ရည်ရွယ်ချက်ကြီးမားပြီး ဒေါ်လာဘီလျံများစွာ တန်ဖိုးရှိသည့် ဓာတ်ငွေ့ပိုက်လိုင်းကြီး၏ အာဖဂန်အပိုင်းနှင့်ပတ်သက်သော စီမံကိန်းကို စတင်ရန် အခမ်းအနားတစ်ရပ်ကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည်။

ဓာတ်ငွေ့ကြွယ်ဝသည့် တာမင်နစ္စတန်၏ အာဖဂန်နစ္စတန်နှင့် နယ်စပ်၌ ပြုလုပ်သော အခမ်းအနားသို့ အာဖဂန်သမ္မတ အရှရက်ဂါနီ၊ တာမင်နစ္စတန်သမ္မတ ဂါဘန်ဂူလီ ဘာဒီမူခါမေနော့၊ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဟစ်ခါကန်အက်ဘာစီနှင့် အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ရှရီအမ်ဂျေအက်ဘာတို့တက် ရောက်ခဲ့သည်။

ဆိုဗီယက်ယူနီယံ၏ တောင်ဘက်အကျဆုံးဖြစ်ခဲ့သော နယ်ခြားစခန်း ဆာခီတာဘတ်၌ ပြုလုပ်ခဲ့သော အခမ်းအနား၌ သတင်းထောက်များအား ရုရှားဘာသာစကားသို့ ပြန်ဆိုပေးသော ပြောကြားချက်တွင် ဂါနီက ယခုပိုက်လိုင်းသည် နိုင်ငံခြားကို စည်းလုံးညီညွတ်စေလိမ့်မည်ဟု ဆိုသည်။

“အဆိုးမြင်တဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် အခုတော့ ကျွန်တော်တို့ TAPI ပိုက်လိုင်းကြီး တည်ဆောက်မှုကို သက်သေခံမြင်တွေ့ရပါပြီ” ဟု ဂါနီက နိုင်ငံပေါင်းလေးနိုင်ငံ၏အမည် ထိပ်ဆုံးအက္ခရာများ ပေါင်းစုထားသော အတိုကောက်အမည်ကို အသုံးပြုကာ ပြောကြားခဲ့သည်။

အဆိုပါ လေးနိုင်ငံသည် ၁၈၄၀ ကီလိုမီတာ (၁၁၄၃ မိုင်) ရှည်လျားမည့် ပိုက်လိုင်းကြီးကို အပြီးသတ်လျက် ၂၀၂၀ ပြည့်နှစ်တွင် တာမင်နစ္စတန်၏ ကြီးမားလှသော ဂေါ်ကီနစ်ရှ် သဘာဝဓာတ်ငွေ့သိုက်မှနေ၍ သဘာဝ   ဓာတ်ငွေ့များ စတင်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။

အဆိုပါ ပိုက်လိုင်းကြီးသည် စစ်ပွဲက နှိပ်စက်ခဲ့သော အာဖဂန်နစ္စတန်ကို ကန့်လန့်ဖြတ်သန်းသွားမည်ဖြစ်ရာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို မြင့်တက်စေသည်။ သို့သော် တာလီဘန်အဖွဲ့က ယင်းပိုက်လိုင်းသည် အာဖဂန်နစ္စတန်၏ အခြေခံအဆောက်အအုံအတွက် အရေးကြီးသော အစိတ်အပိုင်း ဖြစ်လာလိမ့်မည်ဟု ပြောကြားလျက် TAPI ပိုက်လိုင်းကိစ္စအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

သို့သော် ယင်းပိုက်လိုင်းကြီးကို ဖြတ်သန်းလျက် နှစ်စဉ် ပို့ပေးမည့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၃၃ ဘီလျံကို တောင်အာရှ ရန်ဘက်များဖြစ်သည့် ပါကစ္စတန်နှင့်အိန္ဒိယတို့က ဝယ်ယူမည်ဖြစ်သည်။

Ref; AFP

Most Read

Most Recent