ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသော အရှေ့ဂိုအူတာတွင် ခြောက်ရက်မြောက် တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား ၄၀ နီးပါး ထပ်မံသေဆုံး

ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသော အရှေ့ဂိုအူတာတွင် ခြောက်ရက်မြောက် တိုက်ခိုက်ခံခဲ့ရပြီး အရပ်သား ၄၀ နီးပါး ထပ်မံသေဆုံး
Published 25 February 2018

အရှေ့ဂိုအူတာတွင် ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုအပြီး မီးခိုးလုံးများထွက်နေမှုအား ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (Photo- AP)

ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသော အရှေ့ဂိုအူတာတွင် အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော အင်အားသုံးတိုက်ခိုက်မှုများအား ရပ်ဆိုင်းစေရန်အတွက် ကုလသမဂ္ဂ၌ သဘောတူညီချက်ရရှိနိုင်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ခက်ခက်ခဲခဲညှိနှိုင်းနေရစဉ် အရှေ့ဂိုအူတာတွင် ဖေဖော်ဝါရီ ၂၃ ရက်၌ ခြောက်ရက်ဆက်တိုက် အစိုးရ၏လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား ၃၈ ဦး ထပ်မံသေဆုံးခဲ့ရသည်။

ခုနစ်နှစ်ကြာမြင့်လာပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ်ပဋိပက္ခတွင် လူသေဆုံးမှု အများဆုံးဖြစ်ရပ်တစ်ခုဖြစ်သည့် အရှေ့ဂိုအူတာ၌ သီတင်းပတ်တစ်ပတ်နီးပါးကြာ တိုက်ခိုက်ခံခဲ့ရမှုများကြောင့် ကလေး ၁၀၀ ကျော် အပါအဝင် အရပ်သား ၄၆၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။

အရှေ့ဂိုအူတာတွင် ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရန် တောင်းဆိုမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားမှုသည် နှောင့်နှေးခဲ့ပြီး လုံခြုံရေး ကောင်စီအလှည့်ကျဥက္ကဋ္ဌဖြစ်သူ ကူဝိတ်သံအမတ်ကြီး မန်ဆာအယ်အိုတိုင်ဘီက ၎င်းတို့သည် ဆီးရီးယား၏ အဓိကမဟာမိတ် ရုရှားနှင့် သဘောတူညီချက်ရရှိရန် အလွန်အမင်း နီးကပ်နေပြီဟု ပြောကြားခဲ့သည်။ ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲမှုပါဝင်သည့် အဆိုပြုထားသော ဖြည့်စွက်ချက်များပါဝင်သော ဆုံးဖြတ်ချက်မူကြမ်းကို ဖေဖော်ဝါရီ ၂၄ ရက် တွင် မဲခွဲဆုံးဖြတ်ရန် စီစဉ်ထားသည်။ ရုရှားသည် မဟာမိတ်ဆီးရီးယားအား ပစ်မှတ်ထားသော ဆုံးဖြတ်ချက်မူကြမ်း ၁၁ ခုအထိကို လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီး ဖြစ်သည်။ ဆီးရီးယားတွင် ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုများအား ကုလသမဂ္ဂဦးဆောင်၍ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားက နောက်ဆုံးအကြိမ် ပယ်ချထားသည်။

အချေအတင် ငြင်းခုံမှုဖြစ်ပေါ်နေစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဆီးရီးယားအစိုးရ၊ ၎င်းတို့အား ထောက်ပံ့သည့် ရုရှားနှင့်အီရန်တို့၏ လုပ်ရပ်များသည် ရှက်ဖွယ်ကောင်းကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

အရှေ့ဂိုအူတာတွင် ဆီးရီးယားအစိုးရ နှင့် ၎င်း၏ မဟာမိတ်တပ်များက တိုက်ခိုက်မှုများအား အရှိန်မြှင့်ခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နောက်ပိုင်း လေကြောင်းမှဗုံးကြဲ တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၃ ရက်တွင် ဆီးရီးယားအစိုးရနှင့် ရုရှားမဟာမိတ်များ၏ တိုက်ခိုက်မှုများကြောင့် ကလေး ၁၁ ဦးအပါအဝင် အရပ်သား ၃၈ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းအတွက်ကြောင့် ဖေဖော်ဝါရီ ၁၈ ရက်နောက်ပိုင်း အရှေ့ဂိုအူတာတွင် တိုက်ခိုက်ခံခဲ့ရမှုများကြောင့် ကလေး ၁၀၈ ဦးအပါအဝင် သေဆုံးသူအရပ်သား စုစုပေါင်း ၄၆၈ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဆီးရီးယားသူပုန်များကလည်း မြို့တော် ဒမတ်စကတ်ထဲသို့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဆေးရုံတစ်ရုံကို ထိမှန်ခဲ့ကြောင်း အစိုးရသတင်းအေဂျင်စီ ဆာနာက ထုတ်ပြန်ခဲ့သည်။

Ref ; AFP

Most Read

Most Recent