မလေးရှားဝန်ကြီးချုပ်က ဆန်အစား ဈေးပိုကြီးသည့် ကင်ဟွာကိုစားသည်ဟု ပြောခဲ့သဖြင့် လှောင်ပြောင်ခံရ

မလေးရှားဝန်ကြီးချုပ်က ဆန်အစား ဈေးပိုကြီးသည့် ကင်ဟွာကိုစားသည်ဟု ပြောခဲ့သဖြင့် လှောင်ပြောင်ခံရ
Published 24 February 2018

၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က ပူထရာဂျာယာရှိ ရုံးခန်းတွင် ဝန်ကြီးချုပ် ရာဇက်က မီဒီယာများအား စကားပြောနေစဉ် (Photo: AFP)

အရှုပ်တော်ပုံများနှင့် ပတ်လည်ဝိုင်းနေသော မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇက်က ၎င်းသည် ပြည်တွင်း၌ စိုက်ပျိုးသည့် ဆန်ကို မစားတော့ဘဲ ဈေးနှုန်းကြီးမြင့်သော နှံစားပင်တစ်မျိုးဖြစ်သည့် ကင်ဟွာ(quinoa) ကိုသာစားတော့သည်ဟု ပြောကြားခဲ့ပြီးနောက် အခြေခံလူထုနှင့် ကင်းကွာနေသည်ဟူ၍ စွပ်စွဲဝေဖန်ခံနေရသည်။

ထိုပြောစကားကြောင့် ခြစားသည်ဟု စွပ်စွဲချက်များစွာနှင့် ရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်နာဂျစ်ရာဇက်အပေါ် အတိုက်အခံအမတ်များက တန်းစီ၍ သရော်ခဲ့ကြသည်။

အချို့သော မလေးရှားအင်တာနက် အသုံးပြုသူများမှာမူ quinoa နှင့် ပတ်သက်၍ နားမလည်သည့်အကြောင်း၊ မကြားဖူးသည့် အကြောင်းတို့ကို ရိုးရိုးသားသားပင် ရေးသားခဲ့ကြသည်။ တောင်အမေရိကတွင် စိုက်ပျိုးပြီး ကျန်းမာရေးနှင့်ညီညွတ်သော နှံစားပင် quinoa သည် ဥရောပ နှင့်မြောက် အမေရိကဒေသများတွင် လူကြိုက်များသည်။

နာဂျစ်သည် ၎င်းအစိုးရ၏ ၂၀၁၈ခုနှစ် ဘတ်ဂျက်နှင့် ပတ်သက်၍ ဆေးရုံတစ်ခု၌ အမေးအဖြေများပြုလုပ်စဉ် ယင်းကဲ့သို့ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်ကတော့ ဆန်မစားတော့ဘူး။ quinoa ကိုပဲ စားတော့တယ်လေ။ ဒါဟာ ပရိုတိန်းကို အခြေခံပြီး ကာဗွန်ဟိုက်ဒရိတ်နဲ့သကြားဓာတ် ပါဝင်မှု နည်းပါးပါတယ်။ ဆန်ထက်ပိုကောင်းပါတယ်” ဟု နာဂျစ်က ပြောကြားရင်း ၎င်းသည် လေ့ကျင့်ခန်းမလုပ်ဘဲ ကျန်းမာစွာနေထိုင်နိုင်ရန် နေ့စဉ်စားသောက်မှုပုံစံအား ထိန်းချုပ်သည့် နည်းလမ်းကို ရွေးချယ်ထားသည့် အကြောင်းကိုရှင်းပြခဲ့သည်။

ထိုအမေးအဖြေကဏ္ဍမှာပင် နာဂျစ်က လူနေမှုစရိတ်မြင့်တက်ကြောင်း ညည်းညူနေသည့် မလေးရှားများကို စားသောက်ဆိုင် ရွေးချယ်ပုံနှင့် ပတ်သက်၍ အကြံပေးသည့် အနေနှင့် လှပကောင်းမွန်သော ဂျပန်စားသောက်ဆိုင်များကို သွားခြင်းထက် ပုံမှန်ဈေးနှုန်းနှင့် ရောင်းချသော အသင့်စားဆိုင်များသို့ သွားသင့်ကြောင်း ပြောကြားခဲ့သေးသည်။

မလေးရှားနိုင်ငံတွင် quinoa ရောင်းချသည့် ဆိုင်မှာ အနည်းငယ်သာရှိသည်။ quinoa သည် လူဦးရေ ၃၂ သန်းနေထိုင်သော မလေးရှား၏ အဓိကအစားအစာဖြစ်သော ဆန်ထက် များစွာ ပို၍ ဈေးနှုန်းမြင့်မားသည်။

ဝါရင့်အတိုက်အခံ ဥပဒေပြုအမတ်ဖြစ်သူ လင်ကစ်ဆန်ကမူ ၎င်းသည် နာဂျစ်က ပြောသည့်အချိန်အထိ quinoa ဆိုသည်မှာ ဘာမှန်းမသိခဲ့ကြောင်း ပြောခဲ့သည်။ “ ဒီကိစ္စဟာ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေး မတိုင်မီက နောက်ဆုံးပြင်သစ်ဘုရင်မ မာရီယာ အန်တိုနက်တီရဲ့ အကြောင်းကိုသတိရစေပါတယ်”ဟု ပေါင်မုန့်ပင် စားစရာမရှိသည့် ပြည်သူများကို ပေါင်မုန့်မရှိပါက ကိတ်မုန့်စားရန်ပြောသော ပြင်သစ်ဘုရင်မကို ၎င်းက ရည်ညွှန်း၍ ပြောကြားသွားခဲ့သည်။ နာဂျစ်သည် အစားအသောက်နှင့် ပတ်သက်၍ ယခုကဲ့သို့ ဝေဖန်ခံရသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။ ၂၀၁၄ ခုနှစ်ကလည်း နာဂျစ်သည် ၎င်း၏ လက်ထက်တွင် ကန်စွန်းရွက်ဈေးနှုန်းများ ကျဆင်းသွားသည်ဟု ပြောခဲ့ဖူးသဖြင့် သရော်ခံရသေးသည်။

Most Read

Most Recent