ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် တာလီဘန် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံး

ဇူလိုင် ၁၇ ရက်က ပက်ရှ်ဝါတွင် အသေခံဗုံးခွဲမှုကြောင့် ပျက်စီးခဲ့သည့်ယာဉ်အား ဖယ်ရှားနေမှုကို တွေ့ရစဉ် (Photo: AFP)

ပါကစ္စတန် အနောက်မြောက်ပိုင်းတွင် ပြည်သူ့စစ်ရှေ့တန်းအဖွဲ့ (FC) မှအဖွဲ့ဝင်များ လိုက်ပါလာသော ယာဉ်တစ်စီးအား အသေခံဗုံးခွဲသူတစ်ဦးက ဇူလိုင် ၁၇ ရက်တွင် တိုက်ခိုက်ခဲ့မှုကြောင့် နှစ်ဦးသေဆုံးခဲ့ပြီး အခြားလူခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ခိုင်ဘာပက်ထန်ဝါပြည်နယ်မြို့တော်ဖြစ်သော ပက်ရှ်ဝါရှိ ချမ်းသာသူများနေထိုင်သည့် ဟာယာတာဘတ်၌ ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း တာလီဘန်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
    
စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးခဲ့သောဒေသအား ရှင်းလင်းရန် ပြီးခဲ့သောနိုဝင်ဘာတွင် စတင်ခဲ့သည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယင်းဒေသရှိ မဟာဗျူဟာအရ အရေးပါသောတောင်ကြားတွင် မြေပြင်ထိုးစစ်ဆင်မှုအသစ်ကို စတင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ကြေညာခဲ့ပြီး နောက်တစ်ရက်အကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အာဖဂန်နှင့် နယ်စပ်တစ်လျှောက် စစ်ဆင်ရေးများတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည့် ပါကစ္စတန်စစ်တပ်၏ အစိတ်အပိုင်းဖြစ်သော FC မှအဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ထိပ်တန်းရဲတပ်ဖွဲ့ဝင် အီမရန်မာလက်က ပြောကြားခဲ့သည်။
    
ယင်းတိုက်ခိုက်မှုအား ပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်တာလီဘန်အဖွဲ့ သို့မဟုတ် Tehreeke-Taliban Pakistan (TTP) ကထုတ်ပြန်ခဲ့သည်ဟု နောက်ထပ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆာဂျက်ခန်းက ပြောကြားခဲ့သည်။ စစ်သွေးကြွများ၏ တိုက်ခိုက်မှုများနှင့် မငြိမ်သက်မှုများအား နှစ်နှင့်ချီခံစားခဲ့ရသော ပက်ရှ်ဝါတွင် ၂၀၁၄ ခုနှစ်၌ ပါကစ္စတန်စစ်ဘက် စာသင်ကျောင်းတစ်ကျောင်းအား တာလီဘန်များ၏ တိုက်ခိုက်မှုကြောင့် ကလေးအများစုပါဝင်သော လူ ၁၅၀ ကျော်သေဆုံးခဲ့ရပြီး ယင်းသည် ပါကစ္စတန်တွင် သေဆုံးမှုအများဆုံး တိုက်ခိုက်မှုဖြစ်ခဲ့သည်။
    
ပါကစ္စတန်စစ်တပ်သည် အာဖဂန်နှင့် ထိစပ်နေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရဒေသ ခုနစ်ခုအနက် တစ်ခုဖြစ်သော ခိုင်ဘာဒေသရှိ ရက်ဂ်ျဂယ်တောင်ကြားတွင် မြေပြင်ထိုးစစ်သစ်ဆင်နွှဲကြောင်း ဇူလိုင် ၁၆ ရက်၌ကြေညာခဲ့သည်။ ယင်းထိုးစစ်သည် ပြီးခဲ့သောဖေဖော်ဝါရီတွင် နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် စတင်ခဲ့သော Operation Radd-ul-Fassad ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။ တောင်တန်းထူထပ်သော ယင်းဒေသတွင် ဆောင်ရွက်ခဲ့သည့် ယင်းစစ်ဆင်ရေးသည် အာဖဂန်မှနေ၍ ပါကစ္စတန်ထဲသို့ IS ဂျီဟတ်များ ဖြတ်ကျော်ဝင်ရောက်မှုအား ကြိုတင်ကာကွယ်ရန်အပြင် ပါကစ္စတန် တာလီဘန်အဖွဲ့ဝင်များအား ပစ်မှတ်ထားတိုက်ခိုက်ရန်လည်း ရည်ရွယ်ခဲ့ကြောင်း စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။
    
ယင်းစစ်ဆင်ရေးမစတင်မီ ယင်းဒေသမှ အိမ်ထောင်စုပေါင်း ၅၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး နယ်စပ်တစ်လျှောက်ရှိ အာဖဂန်နှင့် နေတိုးတပ်ဖွဲ့ဝင်များကိုလည်း အသိပေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

Writer: 
Ref: AFP