မလေးရှား လေယာဉ်ခရီးစဉ်အမှတ် MH 17 ပစ်ချခံရမှု သုံးနှစ်ပြည့်တွင် ရှင်သန်ဆဲအောက်မေ့ဖွယ် အထိမ်းအမှတ်ကိုပြသ

ဇူလိုင် ၁၂ ရက်က နယ်သာလန်နိုင်ငံ ဟေလ်ဗာဆမ်းရှိ ဘုရားကျောင်းအရှေ့တွင်ထားရှိမည့် နေကြာပန်းများအား ပြင်ဆင်နေသူတစ်ဦး (Photo: AFP)

မလေးရှား လေကြောင်းလိုင်းခရီးစဉ် အမှတ် MH 17 သည်စစ်ဖြစ်နေသော ယူကရိန်းအရှေ့ပိုင်းတွင် ဒုံးကျည်ဖြင့်ပစ်ချခံခဲ့ရမှု သုံးနှစ်ပြည့်သည့် ဇူလိုင် ၁၇ ရက်တွင် ယင်းပစ်ချခံရမှုအတွင်း သေဆုံးခဲ့ရသူများအတွက် ရှင်သန်ဆဲအောက်မေ့ဖွယ် အထိမ်းအမှတ်ကို ပြသသည့်အခမ်းအနားသို့ မိသားစုနှင့်ဆွေမျိုး ၂၀၀၀ ကျော်ကတက်ရောက်ခဲ့သည်။
    
အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းစဉ် လေယာဉ်ပစ်ချခံခဲ့ရမှုအတွင်း သေဆုံးခဲ့သူ စုစုပေါင်း ၂၉၈ ဦးအတွက်ရည်ညွှန်းသော သစ်ပင် ၂၉၈ ပင်အား အစိမ်းရောင်ဖဲကြိုးပုံစံအဖြစ် စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်ဇူလိုင် ၁၇ ရက်တွင် ယင်းလေယာဉ်ထွက်ခွာခဲ့သော အမ်စတာဒမ်ရှိ Schiphol လေဆိပ်အနီး Vijfhuizen ပန်းခြံတွင် ယင်းအထိမ်းအမှတ်အား ပြသသည့်အခမ်းအနားသို့ အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဒတ်ခ်ျဘုရင်ဝီ လမ်အလက်ဇန်းဒါးနှင့် မိဖုရားဖြစ်သူ မာစီမာတို့ တက်ရောက်ခဲ့ကြသည်။
    
ယင်းအခမ်းအနားတွင် လေယာဉ်ပစ်ချခံရမှု၌ သေဆုံးခဲ့သည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်း ၂၉၈ ဦး၏အမည်များကို သက်ဆိုင်သည့် မိသားစုဝင်ဆွေမျိုးများက ဖတ်ကြားမည်ဖြစ်သည်။ သေဆုံးခဲ့သူအများစုသည် ဒတ်ခ်ျများဖြစ်သော်လည်း သြစတြေးလျ၊ ဗြိတိန်၊ မလေးရှားနှင့် အင်ဒိုနီးရှားအပါအ၀င် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ နိုင်ငံသားများပါဝင်ခဲ့သည်။ ယင်း ၁၇ နိုင်ငံကို ကိုယ်စားပြုအဖြစ် ကလေး ၁၇ ဦးက ပန်းများချထားကြမည်ဖြစ်သည်။
    
ရရှိသောအလှူငွေများဖြင့် ယင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်ကုန်ပိုင်းတွင် သေဆုံးသူများ၏ ဆွေမျိုးများက တင်ပြခဲ့သည့် အဆိုပြုချက်များထဲမှ သုံးခုကိုရွေးချယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    
အထိမ်းအမှတ်သစ်ပင်များအား ဇူလိုင်တွင်ပွင့်သည့် နေကြာပန်းများဖြင့် ၀န်းရံထားရှိမည်ဖြစ်ကြောင်း ယင်းအထိမ်းအမှတ် အစီအစဉ်ပြုလုပ်သည့် ဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။ ယင်းနေကြာပန်းများသည် MH 17 လေယာဉ်အပျက်အစီး အပိုင်းအစအချို့အား ရှာဖွေတွေ့ရှိခဲ့သည့် ယူကရိန်းအရှေ့ပိုင်းရှိ နေကြာစိုက်ခင်းများကို ကိုယ်စားပြုကြောင်း သိရသည်။
    
သစ်ပင်တစ်ပင်ချင်းစီတွင် သေဆုံးသူတစ်ဦးစီ၏ အမည်များရေးထိုးထာပြီး အမျိုးအစားမတူသော ယင်းအပင် ၁၁ မျိုး၏ဗဟိုချက်တွင် ကောင်းကင်သို့ မော့ကြည့်နေသော မျက်လုံးတစ်လုံးပုံစံပြုလုပ်ထားသည်။ ယင်း MH 17 ပစ်ချခံခဲ့ရမှုသည် သုံးနှစ်ပြည့်မြောက်ပြီဖြစ်သော်လည်း သံသယရှိသူတစ်ဦးကိုမျှ မဖမ်းဆီးရသေးပေ။ သို့သော် ရုံးတင်စစ်ဆေးမှုများအား ယခုလအတွင်း နယ်သာလန်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။ MH 17 အား ရုရှားလိုလားသော သူပုန်များထိန်းချုပ်ထားသည့် ယူကရိန်းအရှေ့ပိုင်းသို့ ရုရှားမှတစ်ဆင့် ပို့ဆောင်ခဲ့သော ရုရှားလုပ် BUK ဒုံးဖြင့်ပစ်ချခံခဲ့ရခြင်းဖြစ်ကြောင်း ဒတ်ခ်ျဦးဆောင်သော စုံစမ်းစစ်ဆေးသူများက ကောက်ချက်ချခဲ့ပြီးနောက် ယင်းဖြစ်စဉ်နှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ ၁၀၀ ခန့်အားအလိုရှိနေသည်။  

Writer: 
Ref: AFP